﻿၁ ကောရိန္သု.
11.
အယ်မျိုးဖြစ်ကြောန့် ငါဟှာ ခရစ်တော်ဟှို တုယူဟှူမျိုး နန်းနို့လေလည်း ငါ့ဟှို တုယူဂေ့ပါ။ 
နန်းနို့လေဟှာ ငါ့ဟှို မြဲဒမ်း ဒိရဘီး ငါပေးဟှူ နည်းဥပဒေသလေဟှို လိုက်နာ ကျင့်သောင်းဂေ့ဟှူကြောန့် နန်းနို့လေဟှို ငါချီးကျူးပါဟှယ်။ 
အယ်ဘေမဲ့ နန်းနို့လေဟှို သိစေရှင်ဟှူဇာဟှ ခရစ်တော်ဟှာ ယော့‑က်ကျားတိုင်းရဲ့ ခေါန်းဖြစ်ဟှယ်။ မီးမရဲ့ခေါန်းဟှာ ယော့‑က်ကျားဖြစ်ဟှယ်။ ခရစ်တော်ရဲ့ ခေါန်းဟှာ ဘုရားသခင် ဖြစ်ဟှယ်။ 
အယ်မျိုးဖြစ်ကြောန့် ယော့‑က်ကျားဟှာ ကိုယ့်ခေါန်းဟှို ဖောင်းဘီး ဆုတောန်းဇာဘဲ့ဖြစ်ဖြစ်၊ ပရောဖက်ပြုဇာဘဲ့ဖြစ်ဖြစ် ကိုယ့်ခေါန်းရဲ့ အသရေဟှို ရှောက်ခ္လသူ ဖြစ်ဟှယ်။ 
မီးမဟှာ ကိုယ့်ရဲ့ခေါန်းဟှို ဖောင်းဘဲန ဆုတောန်းဇာဘဲ့ဖြစ်ဖြစ်၊ ပရောဖက်ပြုဇာဘဲဖြစ်ဖြစ် ကိုယ့်ခေါန်းရဲ့ အသရေဟှို ရှောက်ခ္လဟှူဇာ ဖြစ်ဟှယ်။ အယ်မျိုးပြုမယ် ဆိုဟှာ ခေါန်းရိဟှားဟှူသူန တူးဒူဘဲ့ဖြစ်ဟှယ်။ 
အယ်ကြောန့် မီးမဟှာ ကိုယ့်ရဲ့ခေါန်းဟှို ဖောင်းဘဲန နေမယ် ဆိုဟှာ ဆားဗန်ဟှို ဖြတ်ပါစေ။ အယ်ဘေမဲ့ ဆားဗန်ဖြတ်ဟှူဇာ၊ ခေါန်းရိဟှူဇာဟှာ မီးမလေတွပ် ယှစ်ဇာဖြစ်မယ် ဆိုဟှာ ခေါန်းဟှို ဖောင်းဟှားပါစေ။ 
ယော့‑က်ကျားဟှာ ဘုရားသခင်ရဲ့ ပေါင်သဏ္ဌာန်တော်န ဖောင်းသရေတော်ဖြစ်ဟှူကြောန့် ကိုယ့်ရဲ့ခေါန်းဟှို ဖောင်းသင့်ဟှ။ အယ်ဘေမဲ့ မီးမဟှာ ယော့‑က်ကျားရဲ့ ဖောင်းသရေတော်ဖြစ်ဟှယ်။ 
ဖြားဖြစ်ကြောန့်နူးဆိုဟှာ ယော့‑က်ကျားဟှာ မီးမအားဖြင့် ဖြစ်လာဟှူဇာ မှုဟှ။ မီးမဟှဘဲ့ ယော့‑က်ကျားအားဖြင့် ဖြစ်လာဟှူဇာဖြစ်ဟှယ်။ 
ယော့‑က်ကျားဟှို မီးမတွပ် ဖန်ဆင်းဟှူဇာ မှုဟှ။ မီးမဟှိုဘဲ့ ယော့‑က်ကျားတွပ် ဖန်ဆင်းဟှားဇာဖြစ်ဟှယ်။ 
အယ်မျိုးဖြစ်ကြောန့် ကောန်းဂန်တမန်လေဟှို ထော့‑က်ဘီးဟှာ မီးမဟှာ ကိုယ့်ဟှို ယော့‑က်ကျားအောက်စိုးဟှူဇာဟှို ဖော်ပြဟှူနေန ကိုယ့်ရဲ့ခေါန်းဟှို ဖောင်းသင့်ဟှယ်။ 
အယ်ဘေမဲ့ သခင်ဘုရားနှိုက် ယော့‑က်ကျားပါဘဲန မီးမဖြစ်ဟှူဇာ မှုဟှ။ မီးမပါဘဲန ယော့‑က်ကျားဖြစ်ဟှူဇာ မှုဟှ။ 
ဖြားဖြစ်ကြောန့်နူးဆိုဟှာ မီးမဟှာ ယော့‑က်ကျားကြောန့်ဖြစ်လာဟှူမျိုး ယော့‑က်ကျားဟှလည်း မီးမအားဖြင့် မွီးလာဟှူဇာဖြစ်ဟှယ်။ အယ်ဘေမဲ့ မှုရှိမျှဂူလောင်းဟှို ဖန်ဆင်းဟှူသူဟှာ ဘုရားသခင် ဖြစ်ဟှယ်။ 
မီးမဟှာ ခေါန်းဟှို ဖောင်းဘဲန ဘုရားသခင်ဟှို ဆုတောန်းဟှို့ သင့်လား သင့်ဟှလား ဆိုဇာဟှို နန်းနို့ကိုယ်တိုင် ဆင်ခြင်စီရင်ဂေ့ပါ။ 
ယော့‑က်ကျားဟှာ ဆားဗန်ရှယ်ထားဟှယ် ဆိုဟှာ သူ့တွပ် ယှစ်ဇာဖြစ်ဟှူကြောန်းဟှို သဘာဝတရားကိုယ်နှိုက်ဟှ နန်းနို့ဟှို သွန်သန်ဟှယ် မှုဟှလော။ 
မီးမဟှာ ရှယ်ဟှူဆားဗန်ရှိဟှယ် ဆိုဟှာ သူ့တွပ် ဖောင်းသရေတော်ဖြစ်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဆားဗန်ဟှို သူ့တွပ်ခြောင်ထယ်ဖြစ် ပေးဟှားဇာဖြစ်ဟှယ်။ 
အယ်ဘေမဲ့လည်း အယ်ကိစန ပတ်သတ်ဘီး ယော့‑က်ယော့‑က်ဟှ ဂြင်းခူလောက်ရှင်ဟှယ် ဆိုဟှာ နို့လေနဘဲ့ဖြစ်ဖြစ် ဘုရားသခင်ရဲ့ သင်းတော်နဘဲ့ဖြစ်ဖြစ် အယ်မျိုး ထောင်းဇံ မှေ့ဟှ။ 
အယ်ဘေမဲ့ အယ်ညွှန်ကြားချစ်လေပေးရာမာ နန်းနို့ဟှို ငါချီးကျူးဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေရဲ့ ဝတ်ပြုဟှူဇာဟှာ ကောန်းကျိုးထတ် ဆိုးကျိုးဟှ ပိုဘီး များဟှူကြောန့် ဖြစ်ဟှယ်။ 
ပထမဆောင်းနေန နန်းနို့လေရဲ့ သင်းတော်စည်းဝေးလေမာ စိဝန်းကွဲဇာလေရှိနေကြောန်းဟှို ငါကြားသိရဟှယ်။ ကြားရဟှူတိုင်းဘဲ့ တချို့မှန်မယ်ဆိုဇာ ငါယောင်ကြည်ဟှယ်။ 
(နန်းနို့လေ စိဝန်းကွဲဟှူဇာလေ ရှိရမယ်မှန်ဟှယ်။ အယ်မျိုးမှဘဲ့ မှန်တရားဖတ်မာ ရပ်တည်သူလေဟှို သိရမယ်။) 
နန်းနို့ တူးဒူစုဝေးဂေ့ဟှူ ခီမာ သခင်ဘုရားရဲ့ ပွဲတော်မင်္ဂလာဝမ်ဟှို့တွပ် စုဝေးဇာ မှုဟှ။ 
ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေ စားသော့‑က်ဂေ့ခီမာ လူတိုင်းဟှ သူများလေဟှို စောန့်ဘဲန ကိုယ့်ညဉ့်ခန်းဇာဟှို စားဟှူကြောန့် မောဟှူသူဟှ မောဂေ့ဘီး ဆာဟှူသူဟှ ဆာနေဂေ့ဟှယ်။ 
နန်းနို့လေမာ စားသော့‑က်ဟှို့ အီမှေ့ဂေ့ဟှလော။ အယ်မျိုးမှုဘဲနေဟှာ ဘုရားသခင်ရဲ့ သင်းတော်ဟှို ထီမဲ့မြင်ပြုဘီး ဆင်းရဲသားလေဟှို ယှစ်ခွဲရှင်ကြောန့်လော။ နန်းနို့လေဟှို ငါဖယ်မျိုးပြောရဟှို့နူး။ နန်းနို့လေဟှို ငါချီးကျူးရဟှို့လော။ အယ်မှုရာဟှို ဖယ်မျိုးလည်း ချီးကျူးဟှို့ရဟှ! 
ဖြားဖြစ်ကြောန့်နူးဆိုဟှာ သခင်ဘုရားနားဟှ ငါခံယူရရှိဟှားဟှူ ဇာဟှို နန်းနို့လေဟှို ငါအပ်ပေးဟှယ်။ အယ်မူဇာဟှ သခင်ယေရှုဟှာ ရန်သူလေ လတ်ဟှို အပ်ရှင်းဟှို ခံတော်မူဟှူညဉ့်မာ မုဟှိုယူဘီး၊ 
ကျေးဇူးတော်ဟှို ချီးမွမ်းဘီးမှ မုဟှိုဖဲ့ဘီးဟှာ “အယ်မုဟှာ နန်းနို့တွပ် ခ္လိုးဖဲ့ဟှူ ငါ့ရဲ့ ကိုယ်ခန္ဓာ ဖြစ်ဟှယ်။ ငါ့ဟှို အော့‑က်မေ့ဟှို့တွပ် အယ်မျိုးပြုဂေ့ပါ” ဆိုဘီး မိန့်တော်မူဟှယ်။ 
အယ်တိုင်းဘဲ့ ညဉ့်ဇာစားဘီးန ခွပ်ဟှိုလည်း ယူဘီးဟှာ “အယ်ခွပ်ဟှာ ငါ့သွီးနတည်ဟှူ ပဋိညာဉ် တရားသစ် ဖြစ်ဟှယ်။ အယ်ခွပ်ဟှို သော့‑က်ဟှူ ခီတိုင်း ငါ့ဟှို အော့‑က်မေ့ဟှို့တွပ် အယ်မျိုးပြုဂေ့ပါ” ဆိုဘီး မိန့်တော်မူဟှယ်။ 
အယ်ကြောန့် နန်းနို့လေဟှာ အယ်မုဟှို စားဘီး အယ်ခွပ်ဟှိုသော့‑က်ဟှူခီတိုင်းမာ သခင်ဘုရားရဲ့ သေခံတော်မူဟှူကြောန်းဟှို ကြွလာဟှူခီထိ ကြေညာဟှူဇာဖြစ်ဟှယ်။ 
အယ်မျိုးဖြစ်ကြောန့် သခင်ဘုရားရဲ့ မုနခွပ်ဟှို ထိုက်တန်ဘဲန စားသော့‑က်ဟှူသူဟှာ သခင်ဘုရားရဲ့ ကိုယ်ခန္ဓာတော်န သွီးတော်ဟှို ပြစ်မှားရာရော့‑က်ဟှယ်။ 
အယ်ကြောန့် လူတိုင်း ကိုယ့်ကိုယ်ကိုယ် စစ်ဆေးဘီးမှ မုဟှို စားပါစေ။ အယ်တိုင်းဘဲ့ ခွပ်ဟှိုလည်း သော့‑က်ပါစေ။ 
ဖြားဖြစ်ကြောန့်နူးဆိုဟှာ သခင်ဘုရားရဲ့ ကိုယ်ခန္ဓာဟှို ပိုင်းခြားဘီး နားလည်ဘဲန စားသော့‑က်ဟှူ သူဟှာ ကိုယ့်ထတ်ဟှို ပြစ်ဒန်ရော့‑က်အောန် စားသော့‑က်ဟှူသူ ဖြစ်ဟှယ်။ 
အယ်ကြောန့် နန်းနို့လေထဲဟှ တချို့ဟှာ အားနဲသူလေန ကျန်းမာရေးကောန်းဘဲသူ ဘောင်ဂီးရှိဂေ့ဟှယ်။ သေဟှားဂေ့ဟှူ သူလည်းရှိဟှယ်။ 
နို့လေဟှာ ကိုယ့်ကိုယ်ကိုယ် ရင်ဦးဆောင်း စစ်ဆေးမယ် ဆိုဟှာ အယ်မျိုး စီရင်ရှင်းဟှို ခံရဂေ့ဟှို့ မှုဟှ။ 
စီရင်ရှင်းခံရဟှယ် ဆိုဟှာလည်း လောကသားလေနတူးဒူ ပြစ်ဒန်စီရင်ဟှူဇာဟှို ခံရဘဲနေဟှို့တွပ် သခင်ဘုရားရဲ့ ဆောင်းမတော်မူဟှူဇာဟှို ခံရဂေ့ဟှယ်။ 
အယ်ကြောန့် ညီကို မောန်နှမလေ၊ သခင်ဘုရားရဲ့ ပွဲတော်မင်္ဂလာဟှို ဝမ်ဟှို့တွပ် စုဝေးဂေ့ခီမာ ယော့‑က်ဟှိုယော့‑က် စောန့်နေဂေ့ပါ။ 
ယော့‑က်ယော့‑က်ဟှ ရရာတိုင်း ဗိုက်ဆာနေဟှယ် ဆိုဟှာ ပြစ်ဒန်စီရင်ခံရမယ့် စုဝေးရှင်းမျိုးဖြစ်ဘဲနေအောန် အယ်သူဟှို သူ့အီမာ စားစေပါ။ ကျန်ဟှူကိစလေဟှို ငါလာဟှူခီမှ စီရင်မယ်။ 
