﻿လုကာ.
14.
ဒန်းနေ့မာ ယေရှုဟှာ စားဇာစားဟှို့ ဖာရိရှဲခေါန်းဆောန်တယော့‑က်ရဲ့ အီထဲဟှို ဝမ်ဟှားဟှူ ခီမာ သူးနို့လေဟှာ ကိုယ်တော့်ဟှို စောန့်ကေ့နေဂေ့ဟှယ်။ 
ရေဖျဉ်းစွဲမား တယော့‑က်ဟှာ ယေရှုနားဟှို ရော့‑က်လာဟှယ်။ 
ယေရှုဟှ “ဒန်းနေ့မာ ရောဂါ ပျော့‑က်စေဟှို့တွပ် ပညတ်တော်ဟှ ခွမ့်ပြုဟှားဘဲ့လော။” ဆိုဘီး ဖာရိရှဲလေန ကျမ်းတတ်ဆရာလေဟှို မေးတော်မူလိုက်ဟှယ်။ 
အယ်ဘေမဲ့ သူးနို့လေဟှာ တိဆိနေဂေ့ဟှယ်။ ယေရှုဟှာ အယ်လူနာဟှို ခေါ်ဘီး၊ ရောဂါပျော့‑က်စေဘီး သူ့ဟှို လွှတ်လိုက်ဟှယ်။ 
ကိုယ်တော်ဟှ “နန်းနို့ရဲ့ သားဂန်းဟှားဘဲ့ဖြစ်ဖြစ်၊ နွားတကောန်ဘဲ့ဖြစ်ဖြစ် ဒန်းနေ့မာ ရေဒွမ်းထဲဟှို က္လဟှားမယ် ဆိုဟှာ နန်းနို့ဟှာ ရှစ်ရှင်း ဆွဲဒန်လေ့မယ် မှုဟှလော။” ဆိုဘီး သူးနို့ဟှို မေးတော်မူလေဟှယ်။ 
အယ်ဘေမဲ့ သူးနို့လေဟှာ ဖြားလည်း ဖြေနိုင်ဂေ့ဟှ။ 
ဧည့်သည်လေဟှာ ကောန်းဆောင်းနေရာဟှို ဝီးကော့‑က်နေဇာဟှို ယေရှုဗြင်ဟှူ ခီမာ သူးနို့လေဟှို အယ်ပေါင်ဥပမာန 
“နန်းနို့ဟှို ယော့‑က်ယော့‑က်ဟှ အီတတ်ဗွဲဟှို ဖိဟှားဟှူ ခီမာ ကောန်းဆောင်းနေရာမာ ထိုင်ဂေ့န။ နန်းနို့ထတ် ရေးကီးဟှူ ယော့‑က်ယော့‑က်ဟှိုလည်း ဖိခေါ်ဟှားမယ် ဆိုဟှာ၊ 
ခေါ်ဖိသူဟှာ နန့်ဟှို ‘အယ်လူတွပ် နေရာဖယ်ပေးဂေ့’ ဆိုဘီး ပြောလေ့မယ်။ အယ်ဆိုဟှာ နန်ဟှာ ယှစ်ရဘီး နိဆောင်းနေရာမာ ထိုင်ရလေ့မယ်။ 
အယ်ကြောန့် နန့်ဟှို ဖိခေါ်ဟှူ ခီမာ နိဆောင်းနေရာမာ သွားဘီးထိုင်ဂေ့။ အယ်မျိုးဆိုဟှာ ဖိခေါ်သူဟှ နန့်နားဟှို လာဘီးဟှာ ‘မိဆွေ ပိုကောန်းဟှူ နေရာမာ ထိုင်ပါ’ ဆိုဘီး နန့်ဟှို ပြောလေ့မယ်။ အယ်ဆိုဟှာ နန်ဟှာ ဧည့်သည်လေရဲ့ ရှေ့မာ ဂေါင်သရေ ရှိလေ့မယ်။” 
“အယ်ကြောန့် ကိုယ့်ကိုယ်ကိုယ် ချီးမြှော့‑က်ဟှူသူဟှာ နှိခ္လခံရဘီး ကိုယ့်ကိုယ်ကိုယ် နှိခ္လဟှူသူဟှာ ချီးမြှော့‑က်ခံရလေ့မယ်” ဆိုဘီး မိန့်တော်မူဟှယ်။ 
အယ်ဘီးန ယေရှုဟှာ ဖိခေါ်သူဟှို “နန်ဟှာ မွန်းဒဲ့ဇာ၊ ညဉ့်ဇာဟှို ကျွေးမွေးဟှူ ခီမာ မိဆွေလေ၊ ညီကိုလေ၊ ဆွေမျိုးလေ၊ အီဇနီးရှင်း ဌေးလေဟှို ဖိခေါ်န။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့လေဟှာ နန့်ဟှို ပ္လန်ဖိဘီးဟှာ ကျေးဇူးဆပ်လေ့မယ်။ 
အယ်ကြောန့် စားသော့‑က်ဗွဲ ကျင်းပဟှူ ခီမာ ဆင်းရဲသား၊ အင်္ဂါချို့တဲ့သူ၊ ခေသန်ဘဲဟှူသူ၊ မျစ်စိကန်းသူလေဟှိုဘဲ့ ဖိခေါ်ပါ။ 
အယ်မျိုးဆိုဟှာ နန်ဟှာ မင်္ဂလာရှိလေ့မယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့လေဟှ နန့်ဟှို ပ္လန်ဘီး ကျေးဇူးဆပ်နိုင်ဂေ့ဟှို့ မှုဟှ။ အယ်ဘေမဲ့လည်း ဖြောန့်မတ်သူလေ ရှင်ပ္လန်ထမြော့‑က်ဟှူ ခီမာ ဘုရားသခင်ဟှ နန့်ဟှို ပ္လန်ဆပ်ပေးလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။ 
စားဗွဲမာ ထိုင်နေဟှူ ဧည့်သည်လေထဲဟှ တယော့‑က်ဟှာ အယ်စကားဟှို ကြားဟှူ ခီမာ ယေရှုဟှို “ဘုရားသခင်နိုင်ငံတော်ရဲ့ စားသော့‑က်ဗွဲမာ ထိုင်ရဟှူ သူလေဟှာ ရရာတိုင်း ပျော်လေ့မယ်!” ဆိုဘီး လျှော့‑က်လေဟှယ်။ 
ယေရှုဟှာ “လူတယော့‑က်ဟှာ စားသော့‑က်ဗွဲဂီးဟှို ပြင်ဆင်ဟှားဘီး လူဘောင်ဂီးဟှို ဖိဟှားဂေ့ဟှယ်။ 
စားသော့‑က်ဗွဲခီ ရော့‑က်ဟှူ ခီမာ ဖိဟှားဟှူ လူလေနားဟှို သူ့ရဲ့ကျွန်ဟှို စေလွှတ်ဘီးဟှာ ‘ဂူလောင်း ဆင်သင့်ဖြစ်နေဘီ။ ကြွဂေ့ပါ!’ ဆိုဘီး ပြောစေဟှယ်။ 
အယ်ဘေမဲ့ သူးနို့လေ ဂူလောင်းဟှာ ယော့‑က်ဘီးယော့‑က် ဆင်ခေလတ်ခေလေ ပေးဂေ့ဟှယ်။ ပထမတယော့‑က်ဟှ ‘ငါ့ဟှာ လဲဗ္လန်တဂွပ် ဝယ်ဟှားဇာဟှို သွားဘီး ကေ့ကေ့ရအူးမယ်။ ငါ့ဟှို ခွမ့်လွှတ်ဟှို့ တောန်းလျှော့‑က်ပါဟှယ်’ ဆိုဘီး ပြောလေဟှယ်။ 
နော့‑က်ထပ် တယော့‑က်ဟှ ‘ငါဝယ်ဟှားဟှူ နွားငါးရှဉ်းဟှို မောန်းစမ်းဟှို့ သွားရအူးမယ်။ ငါ့ဟှို ခွမ့်လွှတ်ဟှို့ တောန်းလျှော့‑က်ပါဟှယ်’ ဆိုဘီး ပြောလေဟှယ်။ 
နော့‑က်ထပ် တယော့‑က်ဟှ ‘ငါလည်း ခုဘဲ့သေး အီထောန်က္လကြောန့် လာနိုင်ဟှို့ မှုဟှ’ ဆိုဘီး ပြောလေဟှယ်။ 
စေခံဟှာ သူ့သခင်နားဟှို ပ္လန်ဟှားဘီးဟှာ အယ်ကြောန်းရာ ဂူလောင်းဟှို ပ္လန်ပြောပြဟှယ်။ သခင်ဟှာ ရရာတိုင်း ဒေါသထွပ်ဟှားဘီး ‘ဗြို့ထဲမာရှိဟှူ လမ်းမလမ်းကြားလေဟှို ဗြန်းဗြန်သွား။ အယ်ဘီးဟှာ ဆင်းရဲသား၊ အင်္ဂါချို့တဲ့သူ၊ ခေသန်ဘဲဟှူသူ၊ မျစ်စိကန်းသူလေဟှို ခေါ်ပါ’ ဆိုဘီး သူ့ရဲ့စေခံဟှို ပြောလေဟှယ်။ 
စေခံဟှာ ပ္လန်ရော့‑က်လာဘီး ‘သခင်၊ သခင်ခိုင်းဒဲ့တိုင်း လောက်ပီးဘီ။ အယ်ဘေမဲ့ နေရာလပ်လေ ရှိနေသေးဟှယ်’ ဆိုဘီး ပြောလေဟှယ်။ 
အယ်ကြောန့် သခင်ဟှ ‘ဗြို့ပ္လန်၊ လမ်းမ၊ ခြံစည်းရိုးနားဟှို သွားပါ။ အယ်ဘီးဟှာ ငါ့အီဟှို ပ္လဲ့အောန် လူလေဟှို ခေါ်လာပါ’ ဆိုဘီး စေခံဟှို ပြောလေဟှယ်။ 
နန်းနို့ဟှို ငါပြောမယ်။ ရင်းရင်ဒူးဟှ ဖိခေါ်ဟှားဟှူ လူလေ တယော့‑က်လည်း ငါ့ရဲ့ စားသော့‑က်ဗွဲဟှို မြည်းစမ်းရလေ့ဟှို့ မှုဟှ!” ဆိုဘီး ပြောလေဟှယ်။ 
လူအောက်ဂီးဟှာ ယေရှုနတူးဒူ သွားနေဟှူ ခီမာ ကိုယ်တော်ဟှာ လှည့်ကေ့ဘီး 
“ယော့‑က်ယော့‑က်ဟှာ ငါ့နားဟှို လာဘေမဲ့လည်း ငါ့ဟှို ရှစ်ဇာထတ် မိဖ၊ သားမယား၊ နောန်၊ ညီမန သူးနို့ရဲ့ သတ်ဟှို ပိုဘီး ရှစ်မယ် ဆိုဟှာ ငါ့တဗဲ့ ဖြစ်နိုင်ဟှို့ မှုဟှ။ 
သူးနို့ရဲ့ လတ်ဝါးကပ်တိုင်ဟှို ထမ်းဘီး ငါ့နော့‑က်ဟှို လိုက်ဂေ့ဟှ ဆိုဟှာ ငါ့တဗဲ့လေ ဖြစ်နိုင်ဟှို့ မှုဟှ။ 
နန်းနို့ထဲဟှ တယော့‑က်ဟှာ မျှော်စင်တခုဟှို ဆော့‑က်မယ် ဆိုဘီး ကြံရှိဟှူသူဟှ ကပ်လော့‑က်ငှအောန် ရှိလော၊ မှေ့ဟှလော ဆိုဘီး ရင်ဦးဆောင်း ထိုင်ဘီး ကူက္လဇာလေဟှို တွပ်ကေ့လေ့မယ်။ 
အယ်မျိုးတွပ်ဘဲန ဆိုဟှာ မျှော်စင်ဟှို အုပြစ်ခ္လဘီး ပီးအောန် ဆော့‑က်နိုင်ဘဲကြောန့် ဗြင်ဟှူသူလေ ဂူလောင်းဟှာ ရယ်ဇားလေ့မယ်။ 
‘အယ်လူဟှာ တည်ဆော့‑က်ဟှို့ စပြုနိုင်ဘေမဲ့ ဆောင်းသတ်နိုင်ဘဲဟှူသူ!’ ဆိုဘီး သူးနို့ဟှာ ပြောဂေ့လေ့မယ်။ 
စစ်သား ၁၀,၀၀၀ ရှိဟှူ မန်းဂီးတပါးဟှာ စစ်သား ၂၀,၀၀၀ န ချီတတ်လာဟှူ တခြားမန်းဂီးဟှို ထွပ်ဘီး ရင်ဆိုင်မယ် ဆိုဟှာ အယ်စစ်သားအင်အားန ခုခံနိုင်မယ် ခုခံနိုင်ဟှ ဆိုဘီး ရင်ဦးဆောင်း ထိုင်ဘီးဟှာ တွပ်ကေ့ဘီး ဆောင်းဖြတ်လေ့မယ်။ 
ခုခံဟှို့ အင်အား မှေ့ဟှ ဆိုဟှာ တခြားမန်းဂီးဟှာ ဝီးဂီးမာ ရှိနေဂဒဲ့ဟှ တမန်လေဟှို လွှတ်ဘီးဟှာ စစ်ပြေငြိမ်းရေး စကားဟှို တောန်းလျှော့‑က်ရလေ့မယ်။ 
အယ်မျိုးဘဲ့ နန်းနို့မာ ရှိမျှဟှို စွန့်ဘဲဟှ ဆိုဟှာ ငါ့တဗဲ့ ဖြစ်နိုင်ဟှို့ မှုဟှ။” 
“ဆားဟှာ ကောန်းဟှယ်။ အယ်ဘေမဲ့ ငန်ဓါတ်မှေ့ဟှ ဆိုဟှာ ငန်ဟှူ ရသာဟှို ပ္လန်ရဟှို့ နည်းလမ်းမှေ့ဘီ။ 
မ္လေဆီလွှာတွပ်လည်း ကောန်းဟှ။ မ္လေဩဇာတွပ်လည်း ကောန်းဘဲဟှူကြောန့် ဝီးဝီးဟှို ပစ်လွှပ်လိုက်ဂေ့ဟှယ်။ “အယ်ကြောန့် နန်ဟှာ နားရှိဟှယ် ဆိုဟှာ ကြားဂေ့!” ဆိုဘီး မိန့်တော်မူလေဟှယ်။ 
