﻿ဗျာဒိတ်တော်.
7.
ထို့နောက်မှ ကောင်းကင်တမန် လေးပါးရို့သည် ကမ္ဘာမြီကြီးအစွန်း အရပ်လေးမျက်နှာတွင် ရပ်နိန်သည်ကို ငါမြင်ရ၏။ သူရို့သည် ကုန်းမြီထက်သို့ လည်းကောင်း၊ ပင်လယ်ပြင်၌ လည်းကောင်း၊ သစ်ပင်များကိုလည်းကောင်း လီမတိုက်ခတ်နိုင်စီခြင်းငှာ အရပ်လေးမျက်နှာမှ လီများကို ဆွဲကိုင်ထားကြ၏။ 
ထို့နောက် အသက်ရှင်တော်မူသော ဘုရားသခင်၏ တံဆိပ်တော်ကို ကိုင်ဆောင်လာသော ကောင်းကင်တမန်တစ်ပါးသည် အရှိ့အရပ်မှ တက်လာသည်ကို ငါမြင်ရ၏။ ထိုသူသည် မြီကြီးနှင့် ပင်လယ်ကို ဘေးဥပါဒ်သင့်စီနိုင်သော တန်ခိုးကို ရဟိထားသည့် ကောင်းကင်တမန်လေးပါးရို့အား ကျယ်သောအသံဖြင့် ခေါ်လေ၏။ 
ထို့နောက် ထိုကောင်းကင်တမန်က၊ “ငါရို့ဘုရားသခင် အခိုင်းအစီရို့၏ နဖူးတွင် ငါရို့တိ တံဆိပ် ခတ်နှိပ်သည်ထိတိုင်အောင် သင်ရို့သည် မြီကြီး၊ ပင်လယ်၊ သစ်ပင်တိကို မည်သို့မျှ ဘေးဥပါဒ် မသက်ရောက်စီကတ်ကေ့” ဟု ကျယ်လောင်စွာဟစ်အော်၍ ပြော၏။ 
ထို့နောက် တံဆိပ်ခတ်နှိပ်ထားသော သူရို့၏ ဦးရေကို ငါ ကြားသိရ၏။ ဣသရေလလူမျိုးရို့၏ မျိုးနွယ်စုအားလုံးထဲမှ ၁၄၄,၀၀၀၊ 
ယုဒအနွယ်ထဲမှ ၁၂,၀၀၀၊ ရုဗင်အနွယ်မှ ၁၂,၀၀၀၊ ဂဒ်အနွယ်မှ ၁၂,၀၀၀၊ 
အာသျှာအနွယ်မှ ၁၂,၀၀၀၊ နဿလိအနွယ်မှ ၁၂,၀၀၀၊ မနာသျှေအနွယ်မှ ၁၂,၀၀၀၊ 
သျှိမောင်အနွယ်မှ ၁၂,၀၀၀၊ လေဝိအနွယ်မှ ၁၂,၀၀၀၊ ဣသခါအနွယ်မှ ၁၂,၀၀၀၊ 
ဇာဗုလုန်အနွယ်မှ ၁၂,၀၀၀၊ ယောသပ်အနွယ်မှ ၁၂,၀၀၀၊ ဗင်္ယာမိန်အနွယ်မှ ၁၂,၀၀၀ တို့သည် တံဆိပ်ခတ်နှိပ်ခြင်းကို ခံရကြ၏။ 
ထို့နောက် ငါ ကြည့်လိုက်သောအခါ ဇာသူမျှ မရွီတွက်နိုင်သော လူအုပ်ကြီးကို တွိ့ရ၏။ သူရို့သည် ဘာသာစကား အမျိုးမျိုးကို ပြောဆိုသော တိုင်းနိုင်ငံအသီးသီး၊ ခပ်သိမ်းသော လူမျိုးအနွယ်အသီးသီးမှ လာကြသောသူတိ ဖြစ်ကြ၏။ သူရို့သည် ဝတ်လုံဖြူတိကို ဝတ်ပြီး စွန်ပလွံခက်တိကို ကိုင်ကာ ပလ္လင်တော်နှင့် သိုးသူငယ်တော်၏ ရှိ့၌ ရပ်နိန်ကြ၏။ 
သူရို့က၊ “ကယ်တင်ခြင်းသည် ပလ္လင်တော်ထက်မှာ စံတော်မူသော ငါရို့၏ ဘုရားသခင်နှင့် သိုးသူငယ်တော်ထံမှ ဆင်းသက်လာ၏” ဟု ကြီးသောအသံနှင့် ကြွေးကြော်ကြ၏။ 
အားလုံးသော ကောင်းကင်တမန်ရို့သည် ပလ္လင်တော်ကိုလည်းကောင်း၊ အကြီးအကဲများနှင့် သက်ဟိသတ္တဝါ လေးပါးရို့ကိုလည်းကောင်း ဝိုင်းရံလျက် ရပ်နိန်ကြ၏။ ထို့နောက် သူရို့သည် ပလ္လင်တော်ရှိ့၌ ပျပ်ဝပ်ကာ ဘုရားသခင်အား ကိုးကွယ်ကြပြီး၊ 
သူရို့က၊ “အာမင်၊ ငါရို့၏ ဘုရားသခင်သည် ချီးမွမ်းခြင်း၊ ဘုန်းကြီးခြင်း၊ ဉာဏ်ပညာဟိခြင်း၊ ဂုဏ်ကြီးခြင်းနှင့် ကျေးဇူးတရားပွားများခြင်း၊ တန်ခိုးကြီးခြင်း၊ ခွန်အားကြီးခြင်းနှင့် ကမ္ဘာအဆက်ဆက် ပြည့်စုံတော်မူပါစီသတည်း။ အာမင်။” ဟု မြွက်ဆိုကြ၏။ 
အသက်ကြီး​သူရို့ထဲမှ တစ်ပါးက “ဝတ်ဖြူစင်ကြယ် ဝတ်ဆင်ထားသူရို့သည် မည်သူရို့နည်း။ ထိုသူရို့သည် ဇာအရပ်က လာကြသနည်း” ဟု ငါ့အား မိန်း၏။ 
ငါက “အကျွန် မသိပါ ဆရာ။ သင်သာ သိပါ၏” ဟု ပြန်၍ ဖြေ၏။ ထိုသူက “သူရို့သည် ဆင်းရဲဒုက္ခကြီးထဲမှ လွတ်မြောက်လာသောသူများဖြစ်၏။ သူရို့သည် မိမိရို့ ဝတ်လုံများကို သိုးသူငယ်တော်၏ သွီးဖြင့် ဖြူစင်အောင် ဖွပ်ခပြီးယာ။ 
ထို့ကြောင့် “သူရို့သည် ဘုရားသခင်၏ ပလ္လင်တော်ရှိ့သို့ ရောက်ဟိ၍ ကိုယ်တော်၏ ဗိမာန်တော်တွင် နိ့ညမပြတ် ဝတ်ပြုနိန်ကြခြင်း ဖြစ်၏။ ပလ္လင်တော်ထက်၌ စံနိန်တော်မူသော အသျှင်သည်လည်း သူရို့နှင့်အတူ ဟိတော်မူ၍ ကာကွယ်စောင့်ရှောက်တော်မူလိမ့်မည်။ 
သူရို့သည် နောက်တဖန် အစာရီစာ မငတ်မွတ်ရ။ နီရောင်ခြည်သည် လည်းကောင်း၊ ပြင်းထန်သော အပူဟိန်သည် လည်းကောင်း သူရို့အထက်သို့ မကျရောက်ရ။ 
အကြောင်းမူကား ပလ္လင်တော်အလယ်တွင် ဟိတော်မူသော သိုးသူငယ်တော်သည် သူရို့၏ သိုးထိန်းဖြစ်ကာ အသက်စမ်းရီ ဟိရာအရပ်သို့ ပို့ဆောင်တော်မူမည် ဖြစ်သောကြောင့်တည်း။ ဘုရားသခင်သည်လည်း သူရို့၏ မျက်ရည်ဟိသမျှကို သုတ်ပီးတော်မူလိမ့်မည်” ဟု ဆို၏။ 
