﻿ပေတရုပါးမှ ဒုတိယအကြိမ် ပီးစာ.
1.
ယေသျှု ခရစ်တော်၏ အခိုင်းအစီနှင့် တမန်တော်ဖြစ်သူ ငါ သျှိမုန်ပေတရုပါးမှ — 
ဘုရားသခင်နှင့် ငါရို့၏ အသျှင်ယေသျှုကို သိကျွမ်းရခြင်းအားဖြင့် သင်ရို့သည် ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းကို အပြည့်အဝ ခံစားရကြပါစီသောဝ်။ 
ငါရို့ကို မိမိ၏ဘုန်းတော်နှင့် ကောင်းမြတ်ခြင်းထဲသို့ ခေါ်ယူတော်မူသော အသျှင်အား ငါရို့သိခြင်းအားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည် ဘုရားဝတ်၌ မှန်ကန်စွာ မွိ့လျော် အသက်ရှင်နိုင်ကြစီရန် ငါရို့လိုအပ်သော အရာဟိသမျှကို ချပီးတော်မူ၏။ 
ဤနည်းအားဖြင့် ကတိထားတော်မူသော အလွန်ကြီးမြတ်၍ အဖိုးထိုက်သည့် ဆုကျေးဇူးများကို ကိုယ်တော်သည် ငါရို့အား ပီးတော်မူ၏။ ထို ဆုကျေးဇူးအားဖြင့် သင်ရို့သည် ဤလောက၌ဟိသော ပျက်စီးတတ်သည့် ကိလေသာတပ်မက်ခြင်းမှ လွတ်မြောက်၍ ဘုရားပကတိအဖြစ်တော်ကို မျှဝီခံစားကြရ၏။ 
ဤအကြောင်းကြောင့် သင်ရို့သည် မိမိရို့၏ ယုံကြည်ခြင်းကို ကောင်းမြတ်ခြင်းဖြင့် လည်းကောင်း၊ ကောင်းမြတ်ခြင်းကို အသိပညာဖြင့် လည်းကောင်း၊ 
အသိပညာကို ကာမဂုဏ်ချုပ်တည်းခြင်းဖြင့်လည်းကောင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းကို သည်းခံနိုင်ခြင်းဖြင့် လည်းကောင်း၊ သည်းခံနိုင်ခြင်းကို ဘုရားဝတ်၌မွိ့လျော်ခြင်းဖြင့် လည်းကောင်း၊ 
ဘုရားဝတ်၌မွိ့ပျော်ခြင်းကို ယုံကြည်သူအချင်းချင်း ခင်မင်ရင်းနှီးခြင်း အားဖြင့် လည်းကောင်း၊ ယုံကြည်သူအချင်းချင်း ခင်မင်ရင်းနှီးခြင်းကို ချစ်မေတ္တာဖြင့် လည်းကောင်း ထပ်လောင်း၍ ဖြည့်စွက်ပီးရန် အစွမ်းကုန် ကြိုးစား ကြလော့။ 
ထိုပါရမီများသည် သင်ရို့၌ ကြွယ်ဝစွာဟိနိန်လျှင် ငါရို့၏အသျှင် ယေသျှုခရစ်တော်ကို သိကျွမ်းခြင်း၌ သင်ရို့သည် အကျိုးမဟိ ဖြစ်ကြလိမ့်မည် မဟုတ်။ 
သို့ရာတွင် ထိုပါရမီများနှင့် ကင်းသောသူသည် အမြင်တိမ်၍ မျက်စိမမြင်သောသူ ဖြစ်ပြီး သူသည် အယင်က မိမိ၏အပြစ်များမှ စင်ကြယ်ခြင်း ခံရသည်ကို မိ့လျော့တတ်သောသူ ဖြစ်၏။ 
သို့ဖြစ်၍ ညီအစ်ကိုမောင်နှမရို့၊ သင်ရို့သည် ဘုရားသခင်၏ ခေါ်ယူတော်မူခြင်းနှင့် ရွီးကောက်တော်မူခြင်းကို တည်မြဲစီရန် သာ၍ကြိုးစားကြပါက သင်ရို့သည် မည်သည့်အခါမျှ သင်ရို့၏ ယုံကြည်ခြင်းကို စွန့်လွှတ်ကြလိမ့်မည် မဟုတ်။ 
ဤနည်းအားဖြင့် သင်ရို့သည် ကယ်တင်သျှင်ဖြစ်တော်မူသော ငါရို့၏ အသျှင် ယေသျှု ခရစ်တော်၏ ထာဝရနိုင်ငံတော်သို့ ဝင်နိုင်မည့် အခွင့်ကို ပြည့်ဝစွာ ရကြလိမ့်မည်။ 
ထို့ကြောင့် သင်ရို့သည် ဤအကြောင်းအရာများကို သိနားလည်လျက် မိမိရို့ ရထားသည့် သမ္မာတရားတွင် အခြေခံ၍ ခိုင်ခံ့ပြီးဖြစ်သော်လည်း ငါသည် သင်ရို့အား ထိုအကြောင်းအရာများကို အစဉ် သတိပီးလို၏။ 
ငါသည် အသက်ရှင်လျက် ဟိနိန်သမျှ ကာလပတ်လုံး ထိုအကြောင်းအရာများကို သင်ရို့အား နှိုးဆော်လျက်ဟိသည်မှာ ငါ့အတွက် မှန်ကန်သည်ဟု မှတ်ယူထား၏။ 
ဇာကြောင့်ဆိုသော် ငါရို့၏အသျှင် ယေသျှု ခရစ်တော်ကလည်း ထိုသို့ဖြစ်မည်ဟု ငါ့အား ဖော်ပြထားသည်အတိုင်း ငါသည် ဤပျက်စီးတတ်သော ကိုယ်ခန္ဓာကို မကြာခင် စွန့်ပစ်ရလိမ့်မည်ဟု သိသောကြောင့် ဖြစ်ပေ၏။ 
သို့ဖြစ်၍ ငါ သီဆုံးလားပြီးနောက် သင်ရို့သည် ဤအကြောင်းအရာများကို အစဉ် မှတ်မိစီရန် ငါ အကောင်းဆုံး လုပ်ဆောင်လားလိမ့်မည်။ 
ငါရို့၏အသျှင် ယေသျှုခရစ်တော်သည် တန်ခိုးတော်နှင့် ကြွလာတော်မူခြင်းကို သင်ရို့အား ဖော်ပြရာ၌ ငါရို့သည် ပရိယာယ်နှင့် ပျင်ဆင်ထားသော ပုံပြင်များကို ပြောကြားနိန်ခြင်း မဟုတ်။ ငါရို့ကိုယ်တိုင် ထိုအသျှင်၏ ကြီးမြတ်သောဘုန်းတန်ခိုးတော်ကို ဖူးမြင်ရကြသောသူများ ဖြစ်ကြ၏။ 
ခမည်းတော် ဘုရားသခင်ထံတော်မှ ဂုဏ်အသရေတော်နှင့် ဘုန်းတော်ကို ကိုယ်တော်သည် ခံယူတော်မူစဉ် အကြီးမြတ်ဆုံးသော ဘုန်းတန်ခိုးတော်အသျှင်ထံမှ “ဤသူကား ငါ နှစ်သက်မြတ်နိုးသော ငါ၏ ချစ်သားဖြစ်သည်” ဟူသော အသံတော်သည် ကိုယ်တော်ထံသို့ ရောက်လာ၏။ 
ထိုအခါက ငါရို့ကိုယ်တိုင်ပင်လျှင် ကိုယ်တော်နှင့်အတူ သန့်ယှင်းသော တောင်ထက်တွင်ဟိ၍ ကောင်းကင်မှ ထွက်ပေါ်လာသော ထိုအသံတော်ကို ကြားရကြ၏။ 
ထို့အပြင် ပို၍ စိတ်ချရသော ပရောဖက်များ ဟောပြောထားသည့် ဗျာဒိတ်စကားလည်း ငါရို့၌ ဟိ၏။ ထိုဗျာဒိတ်စကားသည် အရုဏ်တက်သည့်တိုင်အောင် အမှောင်ထဲ၌ ထွန်းလင်းနိန်သည့် ဆီမီးခွက်ကဲ့သို့ ဖြစ်ပြီး မိုးသောက်ကြယ်၏ အလင်းသည်လည်း သင်ရို့စိတ်နှလုံးထဲ၌ ထွန်းလင်းလျက်ဟိသောကြောင့် သင်ရို့သည် ထိုဗျာဒိတ်စကားကို ကြားခြင်းငှာ ဂရုစိုက်ကြလော့။ 
ကျမ်းစာ၌ဖော်ပြသော ပရောဖက်ပြုချက်များကို မည်သူတစ်ယောက်မျှ မယှင်းပြနိုင်ကြောင်း သင်ရို့ အထူး သိမှတ်ကြလော့။ 
အကြောင်းမူကား မည်သည့် ပရောဖက်ပြုချက်မျှ လူ့အလိုဆန္ဒအရ ပေါ်လာသည် မဟုတ်။ သန့်ယှင်းသော ဝိညာဉ်တော်၏ နှိုးဆော်ခြင်းကို ခံရသောသူရို့သည် ဘုရားသခင် ထံတော်ပါးမှ လာသော ဗျာဒိတ်တော်ကို ဟောပြောခြင်းသာဖြစ်၏။ 
