﻿ယာကုပ်.
3.
ငါ့ ညီအစ်ကို မောင်နှမရို့၊ ဆရာဖြစ်ကြသော ငါရို့သည် သာ၍ တင်းကြပ်သော တရားစီရင်ခြင်းကို ခံရလိမ့်မည်ဟု သိမှတ်လျက် ဆရာဖြစ်ချင်သောသူ မများစီကတ်ကေ့။ 
အကြောင်းမူကား ငါရို့ အားလုံးသည် နည်းအမျိုးမျိုးဖြင့် မှားယွင်းတတ်ကြ၏။ စကားအားဖြင့် မှားယွင်းခြင်းမဟိသောသူမူကား မိမိကိုယ်ခန္ဓာတစ်ခုလုံးကို ထိန်းချုပ်နိုင်သည့် စုံလင်သောသူ တစ်ယောက်ဖြစ်၏။ 
ငါရို့သည် မြင်းကို နိုင်စီခြင်းငှာ ပါးစပ်၌ ဇက်ကြိုးတပ်ကြ၏။ ထိုသို့ပြု၍ ငါရို့သည် ထိုမြင်းတစ်ကိုယ်လုံးကို လိုရာသို့ မောင်းနိုင်ကြ၏။ 
သို့တည်းမဟုတ် သင်္ဘောတစ်စီး​ကို ကြည့်လော့။ ထိုသင်္ဘောသည် အလွန်​ကြီးမား​၍ လီပြင်းတိုက်​ရာ​သို့ လွင့်ပါ​တတ်​သော်လည်း တက်မ​ချေတစ်ချောင်းဖြင့် တက်မကိုင်၏လိုရာသို့ လှည့်နိုင်​၏။ 
ထိုနည်းတူ လျှာသည် ခန္ဓာကိုယ်၏ သေးငယ်သောအင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ်သော်လည်း အလွန် ဝါကြွားတတ်၏။ မီးစချေ တစ်ခုဖြင့် တစ်တောလုံးကို လောင်ကျွမ်းစီနိုင်သည်ကို ဆင်ခြင်ကြလော့။ 
လျှာသည် မီးဖြစ်၏။ ကိုယ်အင်္ဂါအစိတ်အပိုင်းများ၏ ဒုစရိုက် လောကလည်း ဖြစ်၏။ ထိုလျှာသည်ကား လူ့တစ်ကိုယ်လုံးကို ညစ်ညူးစီပြီး ဘဝတစ်ခုလုံးကို လောင်ကျွမ်းစီကာ မိမိကိုယ်တိုင် ငရဲ၌ လောင်ကျွမ်းခြင်းကို ခံရ၏။ 
လူသည် ကျေးငှက်မျိုးမှစ၍ တွားလားသတ္တဝါနှင့် ငါးစသည့် တောရိုင်းတိရစ္ဆာန်အားလုံးကို ယဉ်ပါးအောင် လုပ်နိုင်ကြ၏။ 
သို့ရာတွင် ထိုလျှာကို ယဉ်ပါးအောင် လုပ်နိုင်သောသူဟူ၍ မဟိ။ လျှာသည် ထိန်းချုပ်၍ မနိုင်သော ဒုစရိုက်လည်း ဖြစ်၏။ သီစီနိုင်သော အဆိပ်အတောက်နှင့် ပြည့်လျက်ဟိ၏။ 
ငါရို့သည် လျှာဖြင့် ငါရို့၏သခင်ဘုရားနှင့် ခမည်းတော်အား ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ ဘုရားသခင်၏သဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထားသော လူတိကို ထိုလျှာဖြင့်ပင် ကျိန်ဆဲတတ်ကြ၏။ 
နှုတ်တစ်ခုထဲမှ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် ကျိန်ဆဲခြင်းတိ ထွက်တတ်ပါ၏တကား။ ညီအစ်ကိုမောင်နှမရို့၊ သင်ရို့သည်ကား ဤသို့ မဖြစ်စီကတ်ကေ့။ 
ရီမျက်တွင်း တစ်တွင်းထဲမှ ရေချိုနှင့် ရီငန် နှစ်မျိုးစလုံး ထွက်တတ်သလော။ 
ညီအစ်ကို မောင်နှမရို့၊ သဖန်းပင်သည် သံလွင်သီးကို သီးနိုင်သလော။ စပျစ်ပင်သည် သဖန်းသီးကို သီးနိုင်သလော။ ထို့အတူ ရီငန် ရီမျက်တွင်းမှ ရီချို မထွက်နိုင်ပေ။ 
သင်ရို့တွင် ဇာသူသည် ပညာဟိ၍ နားလည်နိုင်ကြမည်နည်း။ ထိုသူရို့သည် ကောင်းသောအကျင့်အားဖြင့် ထိုအရာကို ပြကြရမည်။ ထိုသူရို့သည် နူးညံ့သိမ်မွိ့ခြင်းနှင့် ပညာဟိခြင်းကို မိမိရို့၏ ကောင်းသောအကျင့်ဖြင့် သက်သီပြကြရမည်။ 
သို့ရာတွင် သင်ရို့၏စိတ်နှလုံးထဲ၌ မနာလိုခြင်း၊ မုန်းတီးခြင်းနှင့် တစ်ကိုယ်ကောင်းဆန်ခြင်းများဟိလျှင်၊ သင်ရို့သည် မိမိရို့၏ ဉာဏ်ပညာနှင့်ပတ်သက်၍ ကြွားဝါခြင်းအားဖြင့် သမ္မာတရားကို ဆန့်ကျင်၍ ပြစ်မှားခြင်းသို့ မရောက်စီကတ်ကေ့။ 
ထိုသို့သော ဉာဏ်ပညာသည် ကောင်းကင်မှ လာသည် မဟုတ်ဘဲ လောကနှင့်လည်းကောင်း၊ ဇာတိပကတိနှင့်လည်းကောင်း၊ နတ်ဆိုးများနှင့်လည်းကောင်း စပ်ဆိုင်ပေ၏။ 
အကြောင်းမူကား မနာလိုခြင်းနှင့် တစ်ကိုယ်ကောင်းဆန်ခြင်းများ ဟိသောနီရာ၌ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းနှင့် အမျိုးမျိုးသော ဒုစရိုက်ပြုခြင်းများသာ ဟိတတ်၏။ 
သို့သော် အထက်အရပ်မှ လာသော ဉာဏ်ပညာသည် သန့်ယှင်းစင်ကြယ်ခြင်းနှင့်ဆိုင်သော အရာအားလုံးတွင် ပထမဖြစ်၏၊ ထို့နောက် ငြိမ်းချမ်းသောသဘော၊ ထောက်ထားညှာတာတတ်သောသဘော၊ နူးညံ့သိမ်မွိ့သောသဘော ဟိသည်ဖြစ်၍ ကရုဏာနှင့် ပြည့်ဝကာ ကောင်းမြတ်သော လုပ်ဆောင်မှု၏ အသီးအပွင့်ကို တိုးပွားစီတတ်၏။ ထိုဉာဏ်ပညာ၌ မျက်နှာလိုက်ခြင်း၊ ဟန်ဆောင်ခြင်းဟူ၍ မဟိပေ။ 
ရန်ကို ငြိမ်းစီသောသူရို့သည် ဖြောင့်မတ်ခြင်းအသီးအနှံကို ရိတ်သိမ်းကြရ၏။ 
