﻿ဟေဗြဲ.
5.
ယဇ်ပုရောဟိတ်မင်းဟူသည်မှာ အပြစ်ဖြေရန်အတွက် ယဇ်ပူဇော်မှုများကို ဆောင်ရွက်ခြင်းနှင့် ပူဇော်သကာများကို ဆက်သခြင်းဖြင့် ဘုရားသခင်၏အမှုတော်မြတ်ကို မိမိရို့၏ကိုယ်စား ဆောင်ရွက်စီခြင်းငှာ လူတိက ရွီးချယ်ခန့်ထားသောသူ ဖြစ်၏။ 
သူသည် မိမိကိုယ်တိုင်လည်း အားနည်းချက် များစွာဟိသောကြောင့် အသိပညာခေါင်းပါးသောသူတိနှင့် မှားယွင်းသောသူတိကို သည်းခံနိုင်၏။ 
ထို့အပြင် သူသည် မိမိကိုယ်တိုင် အားနည်းချက်ဟိသည်ဖြစ်၍ လူရို့၏အပြစ်အတွက်သာမက မိမိအပြစ်အတွက်ပါ ပူဇော်သကာများကို ဆက်သရ၏။ 
မည်သူမျှ မိမိကိုယ်ကို ယဇ်ပုရောဟိတ်မင်းအဖြစ် မချီးမြှောက်နိုင်။ လူတစ်ယောက်သည် အာရုန်ကဲ့သို့ ယဇ်ပုရောဟိတ်မင်း ဖြစ်ခြင်းငှာ ဘုရားသခင်၏ ခေါ်တော်မူခြင်းအားဖြင့်သာ ဖြစ်နိုင်ပေ၏။ 
တစ်နည်းအားဖြင့်ဆိုသော် ခရစ်တော်သည် ယဇ်ပုရောဟိတ်မင်းအဖြစ် မိမိကိုယ်ကို ချီးမြှောက်သည် မဟုတ်ပေ။ “သင်သည် ငါ့သားဖြစ်၏။ ဤနိ့တွင် ငါသည် သင်၏အဖ ဖြစ်လေပြီ” ဟူ၍ ဘုရားသခင်က ကိုယ်တော့်ကို မိန့်တော်မူလေ၏။ 
ဘုရားသခင်က အခြားသောကျမ်းချက်၌ မိန့်တော်မူခသည်မှာ၊ “သင်သည် မေလခိဇေဒက် ယဇ်ပုရောဟိတ်မင်း အရာ၌၊ ထာဝရယဇ်ပုရောဟိတ်မင်း တစ်ပါးဖြစ်လိမ့်မည်” ဟူ၍ ဖြစ်၏။ 
ယေသျှုသည် လောကတွင် အသက်ရှင်စဉ်ကာလ၌ မိမိအား သီခြင်းတရားမှ ကယ်တင်နိုင်သော ဘုရားသခင်၌ ငိုယို၍ မျက်ရည်ကျလျက် တောင်းပန်၍ ဆုတောင်းပတ္ထနာ ပြုခ၏။ ကိုယ်တော်သည် စိတ်နှလုံးနှိမ့်ချလျက် အလိုတော်ကို ဝန်ခံတော်မူသောကြောင့် ဘုရားသခင်သည် ကိုယ်တော်၏ ဆုတောင်းပတ္ထနာကို နားညောင်းတော်မူလေ၏။ 
ကိုယ်တော်သည် ဘုရားသခင်၏သားဖြစ်သော်လည်း ဆင်းရဲဒုက္ခကို ခံယူ၍ နာခံတတ်ရန် သင်ယူတော်မူခ၏။ 
ထို့ကြောင့် ကိုယ်တော်သည် စုံလင်ခြင်းသို့ ရောက်သောအခါ မိမိကို နာခံသောသူအပေါင်းရို့အား ထာဝရကယ်တင်ခြင်းကို ပီးသောအသျှင် ဖြစ်လာတော်မူ၏။ 
ထိုသို့ဖြင့် ဘုရားသခင်က ကိုယ်တော့်ကို မေလခိဇေဒက် ယဇ်ပုရောဟိတ်မင်း အရာ၌ ခန့်အပ်တော်မူ၏။ 
ဤအကြောင်းအရာနှင့်ပတ်သတ်၍ ငါရို့သည် ပြောစရာ များစွာဟိသော်လည်း သင်ရို့သည် ဉာဏ်နုံသောကြောင့် နားလည်ဖို့ရန် ခဲယဉ်း၏။ 
အကြောင်းမူကား အဂုအချိန်၌ သင်ရို့သည် ဆရာ အဖြစ်သို့ ရောက်သင့်ကြပြီ။ သို့သော်လည်း တစ်ဦးတစ်ယောက်က သင်ရို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်ဆိုင်သော အခြေခံသမ္မာတရားကို တဖန်ပြန်၍ သင်ကြားပီးဖို့ရန် လိုနိန်သိမ့်၏။ သင်ရို့သည် ကြေခဲသောအစာကို မစားနိုင်သိမ့်။ နို့ကိုသာ သောက်၍ နိန်သင့်၏။ 
နို့နှင့် အသက်ရှင်သောသူသည် နို့စို့သူငယ် တစ်ယောက်သာ ဖြစ်သိမ့်သောကြောင့် ထိုသူသည် ဖြောင့်မတ်ခြင်းတရားအကြောင်းကို သင်ကြားရာ၌ နားမလည်နိုင်။ 
တစ်နည်းဆိုသော် ကြေခဲသောအစာသည် အရွယ်ရောက်ပြီးသော သူရို့အတွက်သာ ဖြစ်၏။ ထိုသူရို့သည် လေ့ကျင့် ထားပြီးဖြစ်သောကြောင့် အကောင်းအဆိုးကို ပိုင်းခြားသိမြင်နိုင်စွမ်း ဟိကြ၏။ 
