﻿ဖိလေမုန်ပါးသို့ ပေါလု၏ ပီးစာ.
1.
ခရစ်တော်ယေသျှုအတွက်ကြောင့် အကျဉ်းကျခံနိန်ရသောသူ ငါပေါလုနှင့် ငါရို့၏ညီ တိမောသေပါးမှ — 
ငါရို့နှမ အပ္ပိ၊ ငါရို့၏ ရဲဖော်ရဲဖက်ဖြစ်သော အာခိပ္ပုနှင့် သင်၏အိမ်တွင် စုဝေးသည့် အသင်းတော်ပါးသို့ လည်းကောင်း စာရီးလိုက်ပါ၏။ 
ငါရို့၏အဖ ဘုရားသခင်နှင့် အသျှင်ယေသျှုခရစ်၏ထံတော်မှ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်ရို့၌ ဟိပါစီသောဝ်။ 
ငါ့ညီ ဖိလေမုန်၊ ငါသည် ဆုတောင်းသည့်အခါတိုင်း သင့်ကို အောက်မိ့လျက် ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ 
အကြောင်းမူကား သင်သည် ဘုရားသခင်၏လူစုတော်အား ချစ်ခင်သည်ကိုလည်းကောင်း၊ အသျှင်ယေသျှုအား ယုံကြည်သည်ကိုလည်းကောင်း ကြားသိရသောကြောင့်ဖြစ်၏။ 
ယုံကြည်သူအချင်းချင်း မိတ်သဟာယ ဖွဲ့ခြင်းအားဖြင့် ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်းဖြစ်လျက် ငါရို့ခံစားရသည့် ကောင်းကြီးမင်္ဂလာအပေါင်းကို သာ၍နက်နဲစွာ သိနားလည်နိုင်ကြရန် ငါဆုတောင်း၏။ 
ငါ့ညီ၊ သင်သည် ဘုရားသခင်လူရို့၏ စိတ်နှလုံးကို ရွှင်လန်းစီပြီး သင်၏မေတ္တာသည် ငါ့အား အလွန် ဝမ်းမြောက်လျက် နှစ်သိမ့်ခြင်းကို ဖြစ်စီ၏။ 
ဤအကြောင်းကြောင့် ငါသည် ပြုသင့်သည့် အမှုကို ပြုရန် သင့်အား ခရစ်တော်အားဖြင့် အမိန့်ပီးခွင့် ဟိသော်လည်း၊ 
အသက်ကြီးသော ငါ ပေါလုသည် အဂုအခါ ခရစ်တော်ယေသျှုအတွက် အကျဉ်းကျခံနိန်ရသောသူ ဖြစ်လျက်ပင် သင့်ကို ချစ်သောကြောင့် တောင်းပန်ခြင်းဖြင့်သာ ပြောဆို၏။ 
ငါသည် အကျဉ်းကျခံနိန်စဉ် ခရစ်တော်၌ ငါ၏သားဖြစ်လာသော သြနေသိမ်အတွက်လည်း တောင်းပန်ပါ၏။ 
သူသည် အယင်က သင့်အတွက် အသုံးမရသောသူ ဖြစ်ခသော်လည်း အဂုအခါ သင်နှင့် ငါ့အတွက် အသုံးရသောသူ ဖြစ်လာယာ။ 
သူ့ကို သင်ပါးသို့ ငါ ပြန်ရွှတ်လိုက်၏။ သူ့ကို ငါ၏ရင်သွီးကဲ့သို့ မှတ်လော့။ 
ငါသည် ဧဝံဂေလိတရားကြောင့် အကျဉ်းကျခံနိန်ရစဉ် သင်၏ကိုယ်စား ငါ့ကို ကူညီဆောင်ရွက်ပီးရန် သူ့ကို ခေါ်ထားလို၏။ 
သို့ရာတွင် သင်၏ သဘောတူညီချက်မဟိဘဲ ဇာအမှုကိုမျှ ငါ မပြုလိုပါ။ ငါ့ကို ကူညီရန် သင့်အား အနိုင်အထက် မပြုလိုပါ။ သင်၏ စေတနာအလျောက်သာ ပြုစီလိုပါ၏။ 
သြနေသိမ်သည် သင်နှင့် တအောင့်ချေ ဝီးကွာရခြင်းမှာ အမြဲတမ်း ပြန်လည် နီထိုင်နိုင်ခြင်းငှာ ဖြစ်လိမ့်မည်။ 
ယခုအခါ သူသည် ကျွန်ကဲ့သို့ မဟုတ်ဘဲ ကျွန် ထက်သာ၍ မြတ်သော ခရစ်တော်၌ ချစ်ရသောညီအစ်ကို တစ်ယောက် ဖြစ်လာယာ။ သူသည် ငါ့အတွက် အလွန်တန်ဖိုး ဟိပေ၏။ သို့ရာတွင် သင့်အတွက်ကား ကျွန်အဖြစ်နန့် လည်းကောင်း၊ သခင်ဘုရား၌ ညီအစ်ကိုအဖြစ်နန့် လည်းကောင်း သာ၍ပင် တန်ဖိုးဟိလိမ့်မည်။ 
ထို့ကြောင့် သင်သည် မိမိ၏လုပ်ဖော်ဆောင်ဖက်အဖြစ်နန့် ငါ့ကို ကြိုဆိုလက်ခံသကဲ့သို့ သူ့ကိုလည်း ကြိုဆိုလက်ခံလော့။ 
အကယ်၍ သူသည် သင့်အား တစ်စုံတစ်ရာ ပြစ်မှားမိခသော်လည်းကောင်း၊ တစ်စုံတစ်ရာ အကြွီးပီးစရာ ဟိခသော်လည်းကောင်း ငါသည် တာဝန်ယူ၏။ 
ငါပေါလုသည် ထိုအကြွီးကို ပီးပါမည်ဟု ငါကိုယ်တိုင် လက်ဖြင့် ရီးလိုက်၏။ သင်ကိုယ်တိုင် ငါ့အား ပီးစရာဟိကြောင်း ဖော်ပြရန် မလိုပါ။ 
ထို့ကြောင့် ငါ့ညီ၊ သခင်ဘုရား၏ မျက်နှာတော်ကိုထောက်၍ ငါ့အား ကျေးဇူးပြုပါလော့။ ခရစ်တော်၌ ညီအစ်ကိုအနီနန့် ငါ့အား စိတ်ရွှင်လန်းစီပါလော့။ 
သင်သည် ငါပြောသည့်အတိုင်း လုပ်ဆောင်လိမ့်မည်ဟု စိတ်ချယုံကြည်လျက် ဤစာကို ရီးလိုက်၏။ အမှန်စင်စစ် ထိုထက်ပင် ပို၍ လုပ်ဆောင်နိုင်လိမ့်မည်ကို ငါသိပါ၏။ 
ထို့အပြင် ငါတည်းခိုရန် အခန်းတစ်ခုကို အဆင်သင့် ပျင်ထားပါလော့။ ဇာကြောင့်ဆိုသော် ဘုရားသခင်သည် သင်ရို့၏ ဆုတောင်းခြင်းကို နားညောင်းတော်မူသည်ဖြစ်၍ ငါ့အား သင်ရို့ပါးသို့ ပြန်လည်ပို့ဆောင်တော်မူလိမ့်မည်ဟု ငါသည် ငါမျှော်လင့်လျက်ဟိ၏။ 
ခရစ်တော်ယေသျှုအတွက်ကြောင့် ငါနှင့်အတူ အကျဉ်းကျခံနိန်ရသူ ဧပဖြက လည်းကောင်း၊ 
ငါ၏ လုပ်ဖော်ဆောင်ဖက်ရို့ ဖြစ်ကြသည့် မာကု၊ အာရိတ္တာခု၊ ဒေမနှင့် လုကာရို့ကလည်းကောင်း သင့်ကို နှုတ်ဆက်ကြ၏။ 
အသျှင်ယေသျှုခရစ်၏ ကျေးဇူးတော်သည် သင်ရို့၏စိတ်ဝိညာဉ်နှင့်အတူ ဟိကြပါစီသောဝ်။
