﻿သက်သာလောနိတ် အသင်းတော်သို့ ပေါလု၏ ပထမအကြိမ် ပီးစာ.
1.
ပေါလု၊ သိလွာနုနှင့် တိမောသေရို့သည် — 
ငါရို့သည် ဆုတောင်းသည့်အခါတိုင်း သင်ရို့ကို သတိရလျက် သင်ရို့အားလုံးအတွက် ဘုရားသခင်အား အစဉ်မလပ် ကျေးဇူးတော်ကို ချီးမွမ်းလျက်ဟိ၏။ 
ယုံကြည်ခြင်းအားဖြင့် သင်ရို့၏လက်တွိ့ လုပ်ဆောင်မှု၊ ချစ်ခြင်းမေတ္တာအားဖြင့် သင်ရို့၏ ကြိုးစားအားထုတ်မှုနှင့် ငါရို့၏ အသျှင် ယေသျှုခရစ်တော်၌ မျှော်လင့်ခြင်းအားဖြင့် သင်ရို့၏ သည်းခံမှုတိကို ငါရို့၏အဖ ဘုရားသခင်ရှိ့တော်၌ ငါရို့သည် အမြဲမပြတ် အောက်မိ့လျက်ဟိကြ၏။ 
ညီအစ်ကိုမောင်နှမရို့၊ ဘုရားသခင်သည် သင်ရို့ကို ချစ်တော်မူ၍ ရွီးကောက်တော်မူကြောင်းကို ငါရို့ သိကြ၏။ 
အကြောင်းမူကား ငါရို့သည် သတင်းကောင်းကို စကားအားဖြင့်သာ ဟောပြောခြင်း မဟုတ်ဘဲ၊ တန်ခိုးအားဖြင့် လည်းကောင်း၊ သန့်ယှင်းသော ဝိညာဉ်တော်အားဖြင့် လည်းကောင်း၊ တိကျခိုင်မာသော ယုံကြည်ခြင်းအားဖြင့် လည်းကောင်း သင်ရို့အား ဟောပြောကြ၏။ ငါရို့သည် သင်ရို့နှင့်အတူဟိစဉ် သင်ရို့အကျိုးအတွက် ငါရို့ ဇာပိုင်ပြုမူနီထိုင်ခသည်ကို သင်ရို့ သိကြ၏။ 
သင်ရို့သည် သခင်ဘုရားကိုလည်းကောင်း ငါရို့ကိုလည်းကောင်း၊ အတုယူကြသောသူတိ ဖြစ်ကြ၏။ အကြောင်းမူကား သင်ရို့သည် ကြီးစွာသောဆင်းရဲဒုက္ခထဲ၌ သန့်ယှင်းသော ဝိညာဉ်တော်ကပီးသော ဝမ်းမြောက်ခြင်းဖြင့် တရားတော်ကို ခံယူခကြ၏။ 
သို့ဖြစ်၍ သင်ရို့သည် မာကေဒေါနိပြည်နှင့် အခါယပြည်၌ဟိသော ယုံကြည်သူအားလုံးအတွက် စံနမူနာတစ်ခု ဖြစ်ကြ၏။ 
ဇာကြောင့်ဆိုသော် သခင်ဘုရား၏ နှုတ်ကပတ်တရားသည် မာကေဒေါနိပြည်နှင့် အခါယပြည်၌ ပြန့်နှံ့သည်သာမက ဘုရားသခင်၌ သင်ရို့၏ ယုံကြည်ခြင်း သတင်းသည်လည်း အရပ်ရပ်သို့ ရောက်လားလေ၏။ သို့ဖြစ်၍ ထိုအကြောင်းအရာနှင့်ပတ်သတ်၍ ငါရို့သည် ပြောစရာမလိုယာ။ 
အကြောင်းမူကား သင်ရို့သည် ငါရို့ကို မည်သို့ လက်ခံကြသည်ကိုလည်းကောင်း၊ အသက်ရှင်တော်မူ၍ စစ်မှန်သော ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ရန် ရုပ်တုများကို စွန့်ပစ်၍ ဘုရားသခင်ထံတော်သို့ မည်သို့ ပြန်လှည့်လာကြသည်ကိုလည်းကောင်း၊ သူရို့ကိုယ်တိုင် ပြောကြားကြ၏။ 
ထို့အပြင် သီဆုံးခြင်းမှ ထမြောက်တော်မူ၍ ကျရောက်လာမည့် ဘုရားသခင်၏အမျက်တော်မှ ငါရို့ကို ကယ်နုတ်တော်မူသော သားတော်ယေသျှုသည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ကို စောင့်မျှော်ကြသည့်အကြောင်း ထိုသူအပေါင်းရို့သည် ပြောဆိုလျက်ဟိကြ၏။ 
