﻿၂ ကောရိန္သု.
4.
ဘုရားသခင်သည် မိမိ၏ကရုဏာတော်နှင့်အညီ ငါရို့အား ဤအမှုတော်လုပ်ငန်းကို ပီးအပ်တော်မူသည်ဖြစ်ရာ ငါရို့သည် စိတ်ပျက်အားလျော့ခြင်း မဟိ။ 
ငါရို့သည် ဖုံးအုပ်ထားသော အရာအားလုံးနှင့် ရှက်ဖွယ်ကောင်းသော အပြုအမူများကို စွန့်ပယ်၍ လိမ်လည်မှုကိုမပြုဘဲ ဘုရားသခင်၏ နှုတ်ကပါတ်တော်ကို မှောက်လှန်၍ မဟောပြော။ ငါရို့သည် ဘုရားသခင်၏ မျက်မှောက်တော်၌ သမ္မာတရား၏အလင်းတွင် အသက်ရှင်လှုပ်ရှား၍ လူအပေါင်းရို့၏ အသိစိတ်ကို ကြည်လင်အောင် ပြုမူဆောင်ရွက်ကြ၏။ 
အကယ်၍ ငါရို့ဟောပြောသည့် ဧဝံဂေလိတရားသည် ဖုံးအုပ်လျက်ဟိလျှင် ပျက်စီးဆုံးရှုံးခြင်းသို့ ရောက်သောသူတိအတွက်သာ ဖြစ်၏။ 
ထို့ကြောင့် ဤလောကကို အစိုးရသောဘုရားသည် မယုံကြည်သောသူရို့၏စိတ်ကို အမှောင်ဖုံးထားသဖြင့် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်တည်းဟူသော ခရစ်တော်၏ ဘုန်းတန်ခိုးတော်အကြောင်း သတင်းကောင်း၏ အလင်းကို သူရို့သည် မမြင်ရကြ။ 
အကြောင်းမူကား ငါရို့သည် မိမိအကြောင်းကို ဟောပြောကြသည် မဟုတ်။ ယေသျှုခရစ်တော်သည် သခင်ဘုရား ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ ငါရို့သည် ယေသျှုအတွက် သင်ရို့၏ အခိုင်းအစီများ ဖြစ်ကြောင်းကိုလည်းကောင်း ဟောပြောကြ၏။ 
ခရစ်တော်၏ မျက်နှာတော်တွင် ထွန်းလင်းလျက်ဟိသော ဘုရားသခင်၏ ဘုန်းတန်ခိုးတော်အကြောင်းကို သိနိုင်စီခြင်းငှာ ငါရို့၏ စိတ်နှလုံး၌ အလင်းကို ထွန်းလင်းစီတော်မူသော ဘုရားသခင်ကား “အမှောင်ထဲမှ အလင်းပေါ်ထွန်းလိမ့်မည်” ဟု မိန့်တော်မူခသော ဘုရားသခင်ပင် ဖြစ်သတည်း။ 
သို့သော် အလွန်ထူးမြတ်သော တန်ခိုးသည် ငါရို့ပါးက မဟုတ်ဘဲ ဘုရားသခင်ထံမှ ဖြစ်ကြောင်းကို ထင်ရှားစီရန် မြီအိုးထဲ၌ ထည့်ထားသော ဤဝိညာဉ်ဘဏ္ဍာသည် ငါရို့၌ ဟိ၏။ 
ငါရို့သည် မကြာခဏ ဆင်းရဲဒုက္ခ ရောက်ကြသော်လည်း နာလန်မထူနိုင်အောင် ဖြစ်သည် မဟုတ်။ တစ်ခါတရံ ဝေခွဲမရ ဖြစ်နိန်သော်လည်း မည်သည့်အခါမျှ စိတ်မပျက်။ 
ငါ့ရို့၌ ရန်သူအများ ဟိသော်လည်း မိတ်ဆွီကင်းမဲ့သည် ဟူ၍မဟိ။ အလဲထိုး ခံရသော်လည်း ဆုံးရှုံးခြင်းသို့မရောက်။ 
ငါရို့သည် ယေသျှု အသက်ရှင်တော်မူကြောင်းကို ငါရို့၏ခန္ဓာကိုယ်၌ ထင်ရှားစီရန် ယေသျှု အသီခံတော်မူခြင်းဆိုင်ရာ ဒုက္ခဝေဒနာကို ငါရို့၏ ကိုယ်ခန္ဓာ၌ အမြဲတမ်း ခံယူထားကြ၏။ 
ယေသျှု အသက်ရှင်တော်မူခြင်းသည် သီတတ်သော ငါရို့ကိုယ်ခန္ဓာ၌ ထင်ရှားမည်အကြောင်း ငါရို့သည် အသက်ရှင်လျက် ဟိသမျှကာလပတ်လုံး ယေသျှုအတွက် သီဖီးနှင့် ရင်ဆိုင်လျက် နိန်ကြရ၏။ 
သို့ဖြစ်၍ ငါရို့ထဲ၌ သီခြင်းတရားသည် ရှင်သန်လျက် ဟိသော်လည်း အသက်ရှင်ခြင်း တရားသည် သင်ရို့ထဲ၌ ရှင်သန်လျက်ဟိ၏။ 
ကျမ်းစာတော်မြတ်တွင် “ငါယုံကြည်သောကြောင့် ငါဟောပြောသည်” ဟု ပါဟိ၏။ ထို​ယုံကြည်​ခြင်း​နှင့်ဆိုင်သော ဝိညာဉ်တော်ကို ငါရို့​ရဟိ​ကြ​သည်နှင့်အညီ ငါရို့သည်လည်း ယုံကြည်သောစိတ် ဟိသောကြောင့် ဟောပြောကြ၏။ 
အသျှင်ယေသျှုအား သီခြင်းတရားမှ ရှင်ပြန်ထမြောက်စီသော ဘုရားသခင်သည် ငါရို့ကိုလည်း ယေသျှုနှင့်အတူ ရှင်ပြန်ထမြောက်စီတော်မူပြီးလျှင် သင်ရို့နှင့်အတူ ကိုယ်တော်၏ ရှိ့တော်မှောက်သို့ ခေါ်ဆောင်တော်မူမည့်အကြောင်းကို ငါရို့ သိကြ၏။ 
ဤအမှုအရာအားလုံးသည် သင်ရို့၏ အကျိုးအလို့ငှာ ဖြစ်ကြ၏။ ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရသူ ပို၍ပို၍ တိုးပွားလာသည်နှင့်အမျှ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းသောသူများသည်လည်း ပို၍ များပြားလာသောကြောင့် ဘုန်းတော် ထင်ရှားလာလိမ့်မည်။ 
ဤအကြောင်းကြောင့် ငါရို့သည် မည်သည့်အခါမျှ စိတ်ပျက်အားလျော့ခြင်း မဟိကြ။ ငါရို့၏ ကိုယ်ခန္ဓာသည် တဖြည်းဖြည်း ယိုယွင်းပျက်စီးလာသော်လည်း ငါရို့၏ ဝိညာဉ်မူကား တစ်နိ့ထက်တစ်နိ့ အသစ်ပြုပြင်ခြင်းကို ခံရကြ၏။ 
အကြောင်းမူကား ငါရို့သည် ခဏတစ်ဖြုတ်သာ ခံစားရသော ပေါ့ပါးသည့် ဆင်းရဲဒုက္ခသည် အတိုင်းထက်အလွန် ကြီးမြတ်သော ထာဝရဘုန်းတန်ခိုးတော်ကို ငါရို့အား ခံစားစီလိမ့်မည်။ 
ထို့ကြောင့် ငါရို့သည် မြင်နိုင်သော အရာများကို အာရုံမစိုက်ဘဲ မမြင်နိုင်သော အရာများကို အာရုံစိုက်ကြ၏။ မြင်နိုင်သော အရာများသည် ခဏတစ်ဖြုတ်သာ တည်သော်လည်း မမြင်နိုင်သောအရာမူကား အမြဲထာဝရတည်သတည်း။ 
