﻿မာကု.
4.
တဖန် ယေသျှုသည် ဂါလိလဲအိုင်ကမ်းဘေးတွင် ဆုံးမဩဝါဒ ပီးတော်မူစဉ် များစွာသောလူရို့သည် အထံတော်သို့ ရောက်လာကြ၏။ ထိုသို့ လူများသဖြင့် ကိုယ်တော်သည် အိုင်ထဲ၌ဟိသော လောင်းတစ်စင်းထဲသို့ ဝင်၍ ထိုင်တော်မူပြီး ထိုလောင်းကိုလည်း ကမ်းမှ ခွာစီတော်မူ၏။ လူအပေါင်းရို့သည်လည်း ကမ်းခြီရီစပ်နားအထိ ရပ်နိန်ကြ၏။ 
ထို့နောက် ကိုယ်တော်သည် ပုံဥပမာကိုဆောင်၍ များစွာသော အကြောင်းအရာတိဖြင့် သွန်သင်တော်မူသည်မှာ၊ 
“နားထောင်ကြလော့။ မျိုးစိ့ကြဲသောသူသည် မျိုးစိ့ကြဲခြင်းငှာ ထွက်လားလေ၏။ 
ယင်းမျိုးစိ့ကို ကြဲသောအခါ၊ အချို့မျိုးစိ့တိက လမ်း၌ ကျသဖြင့် ငှက်များသည် လာ၍ ကောက်စားကြ၏။ 
အချို့မျိုးစိ့တိက မြီသားနည်းပြီး ကျောက်ရောမြီ၌ ကျသဖြင့် မြီသားတိမ်သောကြောင့် ထိုမျိုးစိ့သည် အယင် အညှောက်ပေါက်သော်လည်း၊ 
အမြစ်မစွဲနိုင်သောကြောင့် နီပူသောခါ၊ ချက်ချင်း ညှိုးနွမ်းခြောက်သွိ့လားလေ၏။ 
အချို့မျိုးစိ့တိက ဆူးတော၌ ကျသဖြင့် ဆူးပင်တိကြီးထွား၍ ညဉ်းဆဲသောကြောင့် ယင်းအပင်ရို့သည် အသီးကိုမသီးနိုင်ကြ။ 
အချို့မျိုးစိ့တိက ကောင်းသောမြီ၌ ကျသဖြင့် အပင်ပေါက်၍ ကြီးထွားလျက် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာ ပွါးများပြီးလျှင် အသီးကို သီးကြ၏။” 
“ကြားစရာနား ဟိသောသူမည်သည်ကား ကြားပါစီ” ဟု မိန့်တော်မူ၏။ 
ယေသျှုတစ်ပါးတည်းသာ ဟိနိန်ချိန်၌ တစ်ဆယ့်နှစ်ပါးသော တပည့်တော်နှင့်တကွ ကြားနာသော သူရို့သည် ထိုပုံဥပမာ၏ အဓိပ္ပာယ်ကို မိန်းလျှောက်ကြ၏။ 
ကိုယ်တော်ကလည်း “သင်ရို့သည် ဘုရားသခင်နိုင်ငံတော်၏ နက်နဲသောအရာတိကို သိရသောအခွင့်ဟိကြ၏။ သို့သော် အပြင်၌ ဟိသောသူတိကား ပုံဥပမာအားဖြင့်သာ ကြားရကြ၏။ 
အကြောင်းမူကား၊ “ ‘သူရို့သည် ကြည့်လျက်နှင့်ပင် မမြင်ကတ်။ နားထောင်နှင့်လျက်ပင် နားမလည်ကတ်။ အကယ်၍ သူရို့သည် မြင်၍ နားလည်ပြီး၊ ဘုရားသခင်ထံသို့ ပြန်လာကြလျှင်၊ ဘုရားသခင်သည် သူရို့၏အပြစ်ကို ရွှတ်လိမ့်မည်’” ဟု မိန့်တော်မူ၏။ 
ကိုယ်တော်က “သင်ရို့သည် ဤဥပမာတောင်မှ နားမလည်လျှင် အခြားဥပမာများကို ဇာပိုင် နားလည်နိုင်မည်နည်း။ 
မျိုးစိ့ကြဲသောသူသည် ဘုရားသခင်၏ တရားစကားကို ကြဲ၏။ 
တချို့လူတိကား လမ်း၌ကျသော မျိုးစိ့နှင့်တူ၏။ ဘုရားသခင်၏ တရားစကားတော်ကို ကြားကြားချင်းပင် စာတန်မာရ်နတ်သည် လာ၍ ထိုတရားစကားကို နုတ်ယူလား၏။ 
ထိုသို့ တချို့လူတိကား ကျောက်ခံမြီ၌ ကျသောမျိူးစိ့နှင့်တူ၏။ သူရို့သည် တရားစကားကို ကြားကြားချင်း ဝမ်းမြောက်ဝမ်းသာခံယူကြ၏။ 
သို့သော် ထိုတရားစကားသည် သူရို့အထဲ၌ အမြစ်မစွဲ၊ တစ်အောင့်ချေရာ တည်၏။ ထိုတရားစကားကြောင့် ဒုက္ခနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းကို ကြုံတွိ့ရသောအခါ သူရို့သည် ဖောက်ပြန်လားတတ်၏။ 
တချို့လူတိကား ဆူးတောမြီ၌ ကျသော မျိုးစိ့နှင့်တူ၏။ သူရို့လည်း တရားစကားကို ကြားရကြ၏။ 
သို့သော်လည်း သူရို့သည် ဘဝရပ်တည်နိုင်ဖို့အတွက် စိုးရိမ်ကြောင့်ကြစရာများ၊ စည်းစိမ်ချမ်းသာ ခံစားလိုမှုများနှင့် အခြားသော ဆန္ဒလိုအပ်ချက်များ ထွက်ပေါ်လာပြီးလျှင် တရားတော်ကို လွှမ်းမိုးသောကြောင့် ထိုသူရို့၌ အသီးမသီးနိုင်ကြ။ 
အခြားသော လူတိကား ကောင်းသောမြီ၌ ကျသောမျိုးစိ့နှင့်တူ၏။ ထိုသူရို့တိကား တရားစကားကို ကြား၍ ခံယူကြသောကြောင့် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာ တိုးပွါးပြီးလျှင် အသီးကို သီးလေ၏” ဟု မိန့်တော်မူ၏။ 
ယေသျှုက “ဆီမီးခွက်ကို တောင်းဖြင့် အုပ်ထားလေ့မဟိ။ ကုတင်အောက်၌ ထားလေ့မဟိ။ ဆီမီးခွက်ကို ဆီမီးခုံထက်မှာသာ တင်ထားရမည် မဟုတ်လော။ 
ဖုံးအုပ်လျက် ဟိသမျှသော အရာများသည် ပေါ်လာပြီးလျှင် ကွယ်ဝှက်၍ ထားသမျှသောအရာများသည် ပွင့်လာလိမ့်မည်။ 
ကြားစရာနားဟိသောသူသည်ကား ကြားကြစီ” ဟု မိန့်တော်မူ၏။ 
ထိုမှတစ်ပါး ကိုယ်တော်က “သင်ရို့ ကြားသောအရာကို ဂရုစိုက်၍ နားထောင်ကြလော့။ သင်ရို့က အခြားသောသူတိကို စစ်ကြောသည်အတိုင်း ဘုရားသခင်သည် သင်ရို့ကို စစ်ကြောစီရင်လိမ့်မည် — ထိုထက်မက ပို၍ ပြင်းစွာသောစစ်ကြောခြင်းကို ခံရလိမ့်မည်။ 
ရတတ်သောသူကို ပို၍ ပီးလိမ့်မည်။ မဟိသောသူပါးမှလည်း သူရို့၌ ဟိသမျှကိုပင် နုတ်ယူလိမ့်မည်” ဟု မိန့်တော်မူ၏။ 
ယေသျှုက “ဘုရားသခင်၏ နိုင်ငံတော်ကား ဤအရာနှင့်တူ၏။ လူတစ်ယောက်သည် မိမိလယ်၌ မျိုးစိ့ကိုကြဲ၏။ 
ယင်းပြီးမှ မကြည့်မမှတ်ဘဲ နိ့နှင့်ည အိပ်လျက်၊ နိုးလျက်နိန်၏။ ထိုစဉ် မျိုးစိ့သည် အညှောက်ထွက်၍ အပင်ပေါက်ကာ ကြီးထွားလေ၏။ ထိုသို့ ဖြစ်လာပုံကို လယ်သျှင်သည် မသိ။ 
မြီကြီးသည် အလိုအလျောက်အပင်တိကို ကြီးထွားစီ၍ ကောက်နှံကို ဦးစွာ ဖြစ်စီပြီးလျှင် ကောက်ဆံအောင်သော အသီးများကို သီးစီ၏။ 
ယင်းနောက် အသီးမှည့်၍ ရိတ်သိမ်းချိန်ရောက်သောအခါ လယ်သျှင်က တန်းစဉ်ဖြင့် ရိတ်သိမ်းလေ၏” ဟု မိန့်တော်မူ၏။ 
ထို့နောက် ယေသျှုက၊ “ဘုရားသခင်၏ နိုင်ငံတော်ကို ဇာပိုင် ပြောရမည်နည်း။ ဇာပုံဥပမာနှင့် နှိုင်းပြရအံ့နည်းဟူမူကား၊ 
ဘုရားသခင်၏ နိုင်ငံတော်သည် ဤအရာနှင့်တူ၏။ လူတစ်ယောက်သည် မုန်ညှင်းစိ့တစ်စိ့ကို မြီ၌ စိုက်ပျိုးသောအခါ အစိ့ဟိသမျှထဲတွင် အငယ်ဆုံးဖြစ်၏။ 
စိုက်ပျိုးပြီးနောက် ကြီးထွားလာသောအခါ အခြားသော သီးနှံပင်တိထက် ပို၍ ကြီးထွား၏။ ယင်းအပင်၌ ငှက်တိပင် အရိပ်ခို၍ အသိုက်ဆောက်နိုင်လောက်အောင် အကိုင်းအခက်တိကို ဖြစ်စီတတ်၏” ဟုမိန့်တော်မူ၏။ 
ထိုသို့သော ပုံဥပမာများအားဖြင့် ကိုယ်တော်သည် ပရိသတ်ရို့ နားလည်နိုင်သည့်အတိုင်း တရားတော်ကို ဟောပြောတော်မူ၏။ 
ပုံဥပမာများနှင့်ကင်း၍ ဇာချင့်တရားကိုမျှ ဟောတော်မမူ။ ကိုယ်တော်သည် တပည့်တော်ရို့အား လူပရိသတ်များ ကင်းယှင်းချိန်၌ ဟောခသမျှသော အရာတိကို ယှင်းပြတော်မူ၏။ 
ထိုနိ့ ညနီချမ်းအချိန်တွင် ကိုယ်တော်က တပည့်တော်ရို့အား “အိုင်ကမ်းတစ်ဖက်သို့ ကူးကြကုန်အံ့” ဟု မိန့်တော်မူလျှင်၊ 
တပည့်တော်ရို့သည် လူစုလူဝေးမှ ထွက်ကာ ကိုယ်တော်ဟိနှင့်ပြီးသော လောင်းထက်သို့ တက်၍ ကိုယ်တော်နှင့်အတူ ရွက်ရွှင့်ကြ၏။ အခြားသော လောင်းများလည်း လိုက်ပါကြ၏။ 
ထိုအခါ ရုတ်တရက် ပြင်းထန်သော လီမုန်တိုင်းတိုက်ခတ်လာ၍ လှိုင်းများထသောကြောင့် လောင်းထဲ၌ ရီပြည့်လုပြည့်ချင် ဖြစ်လေ၏။ 
ကိုယ်တော်မူကား လောင်း၏ပဲ့ပိုင်း၌ ခေါင်းအုံးထက်တွင် ကျိန်းစက်လျက် နီတော်မူ၏။ တပည့်တော်ရို့သည် ကိုယ်တော့်ကို နှိုးပြီးလျှင် “ဆရာ၊ အကျွန်ရို့ သီဘေးနှင့် ကြုံနိန်ရသည်ကို ဥပေက္ခာပြုတော်မူပါသည်လော” ဟု မိန်းလျှောက်ကြ၏။ 
ကိုယ်တော်သည် ထ၍ လီနှင့်လှိုင်းများအား “တိတ်ဆိတ်ငြိမ်ဝပ်စွာ နီလော့” ဟု အမိန့်ပီးတော်မူလျှင် လီသည်ငြိမ်၍ လှိုင်းသည် မထလီယာ။ 
ထို့နောက် ကိုယ်တော်သည် တပည့်တော်ရို့အား “ဇာတွက်နှင့် ဤမျှလောက် ကြောက်ကြသနည်း။ ဇာကြောင့် ယုံကြည်ခြင်း မဟိသနည်း” ဟု မိန့်တော်မူ၏။ 
ထိုအခါ သူရို့သည် အလွန်ကြောက်လန့်၍ “ဤလူကား ဇာပိုင်လူလဲ၊ လီနှင့်လှိုင်းတောင်မှ ဤလူ၏ အမိန့်ကို လိုက်နာကြ၏” ဟု အချင်းချင်း ပြောဆိုနိန်ကြ၏။ 
