﻿မဿဲ.
4.
ထို့နောက် ဝိညာဉ်တော်သည် ယေသျှုကို တောကန္တာရထဲသို့ ပို့ဆောင်ပြီးလျှင် မာရ်နတ်၏ စုံစမ်းခြင်းကို ခံတော်မူ၏။ 
ယေသျှုသည် ရက်လေးဆယ်ပတ်လုံး အစာယှောင်ပြီးနောက် အလွန်ဆာမွတ်လျက်ဟိ၏။ 
ထိုအခါ မာရ်နတ်သည် ရောက်လာပြီးလျှင် “သင်သည် ဘုရားသခင်၏ သားမှန်လျှင် ဤကျောက်ခဲတိကို မုန့်ဖြစ်အောင် အမိန့်ပီးတော်မူပါ” ဟု ဆို၏။ 
ယေသျှုက “ကျမ်းစာလာသည်ကား၊ ‘လူသည် အစာအားဖြင့်သာ အသက်ရှင်သည်မဟုတ်၊ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့်သာ အသက်ရှင်ရမည်’” ဟု ပြန်၍ မိန့်တော်မူ၏။ 
ထို့နောက် မာရ်နတ်သည် ယေသျှုကို သန့်ယှင်းသောမြို့တော် ယေရုဆလင်သို့ ခေါ်ဆောင်၍ ဗိမာန်တော်၏ အမြင့်ဆုံးအထွဋ်၌ တင်ထားပြီးလျှင် 
ကျမ်းစာလာသည်ကား၊ “ဘုရားသခင်က သူ၏ကောင်းကင်တမန်တိကို သင့်အဖို့ မိန့်မှာတော်မူထားသည်ဖြစ်၍၊ သူရို့သည် မိမိရို့၏လက်များဖြင့် သင့်ကို ပင့်ချီထားကြလိမ့်မည်၊ ထို့ကြောင့် သင်၏ခြီကို ကျောက်နှင့် မထိမခိုက်စီရ၊ သို့ဖြစ်၍ သင်သည် ဘုရားသခင်၏သားမှန်လျှင် ခုန်ချလိုက်ပါ” ဟု ဆိုလေ၏။ 
ယေသျှုက “သင်၏ဘုရားသခင် ထာဝရဘုရားကို စုံစမ်းခြင်း မပြုရဟူ၍ ကျမ်းစာ၌ ရီးထား၏” ဟု ပြန်၍ မိန့်တော်မူ၏။ 
ထို့နောက် မာရ်နတ်သည် ယေသျှုကို အလွန်မြင့်မားသော တောင်ထိပ်သို့ ခေါ်ဆောင်၍ လောကီနိုင်ငံအသီးသီးနှင့်တကွ ထိုနိုင်ငံများ၏ ကြီးကျယ်ခန့်နားမှုများကို ပြလေ၏။ 
မာရ်နတ်က “သင်သည် ငါ့ကို ပျပ်ဝပ်လျက် ကိုးကွယ်လျှင် ဤအရာ အားလုံးတိကို သင့်အား ငါပီးမည်” ဟု ပြောလေ၏။ 
ထိုအခါ ယေသျှုက “အချင်း စာတန်၊ ငါနှင့် ဝီးရာသို့ ထွက်လားလီ။ ကျမ်းစာက မိန့်မှာထားသည်မှာ သင်၏ဘုရားသခင် ထာဝရဘုရားသခင်ကိုသာ ကိုးကွယ်ရမည်၊ ထိုဘုရားသခင်၏ အမှုကိုသာ ဆောင်ရွက်ရမည်” ဟု မိန့်တော်မူ၏။ 
ထို့နောက် မာရ်နတ်သည် ယေသျှုထံပါးမှ ထွက်လားလေ၏။ ထိုအခါ ကောင်းကင်တမန်တိ ရောက်လာ၍ ကိုယ်တော့်ကို ပြုစုကြလေ၏။ 
ယောဟန်သည် ထောင်ထဲ၌ ချထားခြင်းကို ခံနိန်ရသည်ကို ယေသျှု ကြားလျှင် ဂါလိလဲပြည်သို့ ကြွလားတော်မူ၏။ 
နာဇရက်မြို့ကို ကျော်ဖြတ်ကာ ဇာဗုလုန်ဒေသနှင့် နဿလိဒေသကြား၊ ဂါလိလဲအိုင်နား၌ဟိသော ကပေရနောင်မြို့၌ နီထိုင်ရန် ကြွတော်မူ၏။ 
ဤကား ပရောဖက် ဟေသျှာယအားဖြင့် ဟောထားခသောစကားသည် ပြည့်စုံခြင်းသို့ ရောက်လေ၏။ ထိုစကားမှာ၊ 
“အို၊ ဇာဗုလုန်ဒေသနှင့် နဿလိဒေသတည်းဟူသော ယော်ဒန်မြစ်တစ်ဖက်ကမ်း ပင်လယ်သို့ ထွက်ရာလမ်းတလျှောက်၌ဟိသော တခြားလူမျိုးတိနီထိုင်ရာ ဂါလိလဲပြည်၊ 
မှောင်မိုက်ထဲ၌ နီထိုင်ကြသောသူတိသည် ကြီးစွာသောအလင်းတစ်ခုကို မြင်ရကြလိမ့်မည်။ သီမင်း၏အရိပ်ဖြစ်သော ထိုပြည်၌ နီထိုင်ကြသော သူရို့တွင် ထိုအလင်းသည် ထွန်းလင်းလာလိမ့်မည်” ဟူ၍ ဖြစ်၏။ 
ထိုအချိန်မှစ၍ ယေသျှုက “ကောင်းကင်နိုင်ငံတော် တည်လုနီးပြီ ဖြစ်သောကြောင့် သင်ရို့သည် အပြစ်မှ နောင်တရကြလော့” ဟူသော တရားတော်ကို စတင်၍ ဟောကြားတော်မူ၏။ 
ယေသျှုသည် ဂါလိလဲအိုင်ကမ်းနား၌ ကြွတော်မူစဉ် တံငါညီအစ်ကို နှစ်ယောက်ဖြစ်သော သျှိမုန်ဟု ခေါ်သော ပေတရုနှင့် သူ၏ညီ အန္ဒြေရို့သည် ပိုက်တစ်လက်ဖြင့် အိုင်ထဲမှာ ငါးဖမ်းနိန်သည်ကို တွိ့တော်မူ၏။ 
ယေသျှုက “ငါနှင့်အတူ လိုက်ကတ်၊ ငါသည် သင်ရို့အား လူတိကို ဖမ်းဖို့ သင်ပီးမည်” ဟု မိန့်တော်မူ၏။ 
သူရို့သည် ပိုက်တိကို ချက်ချင်း ပစ်ထားခပြီးလျှင် ကိုယ်တော်နောက်သို့ လိုက်ကြ၏။ 
တဖန် ကိုယ်တော်သည် ဆက်လက်၍ ကြွတော်မူလျှင်၊ ဇေဗေဒဲ၏သားနှစ်ယောက်ဖြစ်သော ယာကုပ်နှင့် ယောဟန် ညီအစ်ကိုနှစ်ယောက်ကို မြင်တော်မူ၏။ သူရို့သည် ဖခင်ဇေဗေဒဲနှင့်အတူ ငါးဖမ်းရန် လောင်းထဲ၌ ပိုက်တိကို ပျင်ဆင်နိန်ကြ၏။ ယေသျှုသည် ထိုသူရို့အား နောက်တော်သို့ လိုက်ရန် ခေါ်တော်မူ၏။ 
သူရို့သည် ဖခင်နှင့် သူရို့၏လောင်းကို ထားပစ်ခပြီးလျှင် ချက်ချင်း ယေသျှုနောက်သို့ လိုက်ကြ၏။ 
ယေသျှုသည် ဂါလိလဲပြည်တစ်ခုလုံးသို့ ကြွတော်မူပြီးလျှင် တရားဇရပ်များ၌ ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ဟောကြားတော်မူလျက်၊ မကျန်းမာသူများကို ကျန်းမာစီ၏။ ရောဂါအမျိုးမျိုးကို ခံစားနိန်ကြရသော လူတိကိုလည်း ရောဂါပျောက်ကင်းစီတော်မူ၏။ 
ယေသျှု၏သတင်းတော်သည် ယှုရိပြည် တစ်ဝှမ်းလုံးသို့ ပြန့်နှံ့လား၏။ လူတိက သွက်ရှာပါဒရောဂါသည်၊ ဝက်ရူးပြန်ရောဂါသည်၊ နတ်ဆိုးဝင်ပူးနိန်သည့်သူများနှင့် အနာရောဂါအမျိုးမျိုး ခံစားနိန်သူများကို ကိုယ်တော့်ထံပါးသို့ ခေါ်ဆောင်လာကြ၏။ ယေသျှုသည် ထိုသူအားလုံး၏ အနာရောဂါတိကို ပျောက်ကင်းစီတော်မူ၏။ 
ဂါလိလဲပြည်၊ ဒေ​က​ပေါ​လိ​ပြည်၊ ယေရုဆလင်မြို့၊ ယုဒပြည်နှင့် ယော်ဒန်မြစ်တစ်ဘက်ကမ်းမှ လူအပေါင်းရို့သည်လည်း ကိုယ်တော်၏နောက်တော်သို့ လိုက်လာကြ၏။ 
