﻿၁ တိမောသေ.
3.
အသင်းတော်ရဲ့ ခေါင်းဆောင်ဖြစ်ရန် မျော်မန်းသူဟ မွန်မြတ်လဲ့အမှုအရာဟို လိုလားတောင့်တသူ ဖြစ်အယ်ဟူသော စကားဟ မန်အယ်။ 
အသင်းတော်ဟို ခေါင်းဆောင်သောသူဟ အပစ်တင်စရာ မဆိသောသူ ဖြစ်ရမယ်၊ အဲသူနှိုက် ပေါင်အိုမတယောက်သာ ဆိရမယ်၊ သူဟ သမ္မာသတ္တိဆိသူ၊ ဣန္ဒြေစောင့်သောသူ၊ လျောက်ပတ်စွာ ပြုမူသောသူ၊ ဧည့်ဝတ်ကျေပွန်သောသူ၊ ဆုံးမဩဝါဒပေးတတ်သောသူ ဖြစ်ရမယ်၊ 
သောက်ကြူးသောသူ မဖြစ်စေရ၊ အဲသူဟ ကြမ်းကြုတ်သောသူ မဟုတ်ဘဲ နူးညံ့သိမ်မွေ့သောသူ၊ ငြိမ်းချမ်းမှုဟို လိုလားသောသူ ဖြစ်ပင်း ပိတ်ဆန်ဟို တပ်မက်သောသူ မဖြစ်ရ။ 
သူဟ မိမိရဲ့ အိုင်ထောင်ဟို ကောင်းစွာ အုပ်ထိန်းနိန်လျက် လူပဲ့သူငယ်များရဲ့ နာခံလေးစားမှုဟို ရဆိသူ ဖြစ်ရမယ်။ 
မိမိအိုင်ထောင်ဟို စလို စီမံအုပ်ချုပ်ရမယ်ဟို မသိသောသူဖြစ်ရင် ဘုရားသခင်ရဲ့ အသင်းတော်ဟို သူဟ စလို ပြုစုစောင့်ဆှောက်နိန်မလုန်း။ 
သူဟ ယုံကြည်ခြင်းနှိုက် မရင့်ကျက်သောသူ မဖြစ်ရ၊ အားမဟုတ်ရင် ဘဝင်မြင့်လျက် မာရ်နတ်နဲ့တူညီသော ပစ်ဒဏ်စီရင်ခြင်းထဲဟို ကျရောက်မယ်ဟု စိုးရိမ်စရာ ဆိအယ်။ 
အဲမျှမက ကဲ့ရဲ့ပစ်တင်ခြင်း ခံရလျက် မာရ်နတ်ရဲ့ ကျော့ကွင်းထဲဟို မကျရောက်စေရန် အသင်းတော်ပြင်ပဆိ လူလို့ရဲ့ ရိုသေလေးစားမှုဟို ခံရသူ ဖြစ်ရမယ်။ 
အဲတိုင်းတိုင်း သင်းထောက်လူကြီးများဟလည်း စာရိတ္တ ကောင်းမွန်ယွေ့ ရိုးသားသောသူများ ဖြစ်ရမယ်။ သူလို့ဟ စပျစ်ယေဟို သောက်ကြူးသူများ၊ ပိတ်ဆန်ဟို တပ်မက်သောသူများ မဖြစ်စေရ။ 
သူလို့ဟ ယုံကြည်ခြင်းရဲ့ လျှို့ဝှက်နက်နဲသောအရာဟို ဩတ္တပ္ပစိတ် ဖြူစင်စွာဖြင့် စွဲကိုင်ထားသောသူများ ဖြစ်ရမယ်။ 
သူလို့ဟ စစ်ဆေးခြင်းဟို ဦးရင်ခံပင်းမှ အပစ်ဆိုဖွယ် မဆိရင် သင်းထောက်အမှုဟို ဆောင်ရွက်ကြစေ။ 
အဲတိုင်းတိုင်း သူလို့ရဲ့ ပေါင်အိုမလို့ဟလည်း တည်ကြည်လေးနက်သောသူများ ဖြစ်ရမယ်၊ ကုန်းချောတတ်သောသူ မဟုတ်ဘဲ သမ္မာသတိဆိသောသူ၊ ခပ်သိမ်းသောအရာလို့နှိုက် သစ္စာဆိသောသူ ဖြစ်ရမယ်။ 
သင်းထောက်လို့ဟ ပေါင်အိုမတယောက်သာ ဆိရမယ်၊ သူဟ မိမိရဲ့ အိုင်ထောင်နဲ့ လူပဲ့ငယ်များဟို ကောင်းစွာ စီမံအုပ်ထိန်းနိန်သူ ဖြစ်ရမယ်။ 
အကျောန်းမှာ သင်းထောက်အမှုဟို ကောင်းစွာ ဆောင်ရွက်သောသူလို့ဟ မိမိလို့အဖို့ ကောင်းသောအရာဟို လည်းကောင်း၊ ခရစ်တော် ယေရှုနှိုက် သူလို့ ယုံကြည်ခြင်းအကျောန်းဟို ရဲရင့်စွာ ဟောပြောနိန်ကြအယ်။ 
ငါဟ ဟေစာဟို ရေးနေချိန်နှိုက် နင်လို့ဆေဟို မကြာမှီ လာရောက်ရန် မျော်လင့်လျက် ဆိအယ်၊ 
ငါ နှောင့်နှေးကြန့်ကြာနေခဲ့ရင် သမ္မာတရားရဲ့ မဏ္ဍိုင်နဲ့ အုတ်မြစ်ဖြစ်လဲ့ အသက်ဆှင်သော ဘုရားသခင်ရဲ့ အသင်းတော် တည်းဟူသော ဘုရားသခင်ရဲ့ အိုင်တော်တွင် စလို ပြုမူကျင့်ကြံသင့်တာဟို နင်သိဆိနိန်ရန် ဖြစ်အယ်။ 
ငါလို့ရဲ့ ဘာသာတရားနက်နဲပုံဟို စသူမျှ ငြင်းဆိုယွေ့ မရဘဲ ကိုယ်တော်ဟ လူသားပုံသဏ္ဌာန်နဲ့ ပေါ်ထွန်းပီ၊ မန်ကန်ကျောန်းဟို ဝိညာဉ်တော်အားဖြင့် ဖော်ပြပင်း ခေါန်းခင်တမန်များဟ ကိုယ်တော်ဟို ရှုမျော်ရကြပီ။ ကိုယ်တော်ရဲ့ အကျောန်းဟို လူမျိုးတကာလို့အား ကြေညာပီ၊ ကမ္ဘာပေါ်ဆိ လူလို့ဟ ယုံကြည်ကြပီ၊ ခေါန်းခင်ဘုံဟို ဆောင်ယူခြင်းဟို ခံပီ။ 
