﻿ယောဟန် ရေးသားပြုစုလဲ့ ခရစ်တော်ရဲ့ သတင်းကောင်း.
1.
အစဦးနှိုက် နှုတ်ကပတ်တော် ဆိအယ်၊ နှုတ်ကပတ်တော်ဟ ဘုရားသခင်နဲ့အတူ ဆိအယ်၊ နှုတ်ကပတ်တော်ဟလည်း ဘုရားသခင် ဖြစ်အယ်။ 
နှုတ်ကပတ်တော်ဟ အစဦးနှိုက် ဘုရားသခင်နဲ့အတူ ဆိအယ်။ 
ခပ်သိမ်းသောအရာလို့ဟ နှုတ်ကပတ်တော်အားဖြင့် ဘုရားသခင် ပြုလုပ်အယ်၊ ဖန်ဆင်းခြင်းနဲ့ ကင်းလွတ်လျက် ဖြစ်သောအရာ တစုံတခုမျှ မဆိ။ 
အဲနှုတ်ကပတ်တော်ဟ အသက်ရဲ့ အရင်းအမြစ် ဖြစ်အယ်၊ အေးအသက်ဟ လူလို့ဆေ အလင်းဟို ယူဆောင်လာအယ်။ 
အဲအလင်းဟ မိုက်ထဲတွင် တောက်ပယွေ့ မိုက်ဟ အဲအလင်းဟို စလိုမှ မဖုံးကွယ်နိန်။ 
ဘုရားသခင်ဆေမှ စေလွှတ်ခံရလဲ့ ယောဟန် နာမယ်ဆိသော လူတဦး ဆိအယ်။ 
လူအပေါင်းလို့ဟ သူ့အားဖြင့် ယုံကြည်လာမဲ့အကျောန်း သူဟ အလင်းအကျောန်းဟို သက်သေခံရန် သက်သေအဖြစ် လာအယ်။ 
သူဟ အဲအလင်း မဟုတ်၊ အလင်းအကျောန်း သက်သေခံရန် လာသောသူ ဖြစ်အယ်။ 
အဲအလင်းဟ လောကဟို ကြွလာယွေ့ လူသားအပေါင်းလို့ပေါ်တွင် တောက်ပလဲ့ — စစ်မန်သော အလင်း ဖြစ်အယ်။ 
အဲနှုတ်ကပတ်တော်ဟ ဟေလောကနှိုက် ဆိအယ်၊ ဟေလောကဟ သူ့အားဖြင့် ဖြစ်လာသော်လည်း လောကဟ ကိုယ်တော်ဟို အသိမှတ်မပြုဝူး။ 
ကိုယ်တော်ဟ မိမိမွေးဖွားရာပြေဟို ကြွလာသော်လည်း မိမိရဲ့ လူမျိုးများဟ ကိုယ်တော်ဟို လက်မခံကြ။ 
အဲလိုလဲ ကိုယ်တော်ဟို လက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ရဲ့ နာမဟို ယုံကြည်သောသူလို့အား ဘုရားသခင်ရဲ့ လူပဲ့သငယ်ဖြစ်ခွင့်ဟို ပေးအယ်။ 
သူလို့ဟ သဘာဝနည်းလမ်းဖြင့် ဘုရားသခင်ရဲ့ လူပဲ့သငယ် ဖြစ်လာကြတာ မဟုတ်၊ အဲဟာဟ လူသား အဖတဦးရဲ့ လူပဲ့သငယ်အဖြစ် မွေးဖွားလာခြင်းဖြင့် ဘုရားသခင် တတ်တိုင်းဟ သူလို့ရဲ့ အဖ ဖြစ်အယ်။ 
နှုတ်ကပတ်တော်ဟ လူသားအဖြစ် ခံယူယွေ့ ကျေးဇူးတော်နဲ့ သမ္မာတရားဟို ပြေ့စုံလျက် ငါလို့ထဲတွင် ကျိန်းဝပ်အယ်။ ငါလို့ဟ ကိုယ်တော်ရဲ့ ဘုန်းအသရေဟို မျော်ကြရအယ်၊ အဲဘုန်းအသရေဟ ခမည်းတော်ရဲ့ တပါးတည်းသော သားတော်အဖြစ် ခံယူရဆိလဲ့ ဘုန်းအသရေ ဖြစ်အယ်။ 
ယောဟန်ဟ ကိုယ်တော်အကျောန်းဟို သက်သေခံအယ်။ သူဟ “‘ငါ့နောက်ကြွလာသူပေမဲ့လည်း ငါ့ထက် ကြီးမြတ်အယ်၊ ပစာကို့ ကိုယ်တော်ဟ ငါမမွေးခင်ရင်း ဆိနေတာ ဖြစ်အယ်’ ဟု ငါပြောခဲ့သူဟ အေးသူပင် ဖြစ်အယ်” လို့ ကြွေးကြော်လေအယ်။ 
ကိုယ်တော်ရဲ့ ကျေးဇူးတော်ဟ ပြေ့စုံကြွယ်ဝတာနဲ့အညီ ငါလို့အား ကောင်းချီးမင်္ဂလာ တခုပင်းနောက် တခု ချပေးအယ်။ 
ဘုရားသခင်ဟ ပညတ်တရားဟို မောရှေအားဖြင့် ပေးအယ်၊ အဲလိုလဲ ကျေးဇူးတော်နဲ့ သမ္မာတရားဟ ယေရှုခရစ်အားဖြင့် ဖြစ်လာအယ်။ 
ဘုရားသခင်ဟို စသူမှ မမျော်ဖူးဝူး။ ဘုရားသခင်နဲ့ တူယွေ့ ခမည်းတော်ဘက်နှိုက် ဆိသော တပါးတည်းသော သားတော်ဟ ဘုရားသခင်ဟို သိစေအယ်။ 
အခု ယေရုရှလင်မြို့ဆိ ယုဒ အာဏာဆိသောသူလို့ဟ ယဇ်ပုရောဟိတ်နဲ့ လေဝိအနွယ်ဝင် အချို့လို့ဟို ယောဟန်ဆေ စေလွှတ်ယွေ့ “နင်ဟ စသူတုန်း” လို့ သူ့ဟို မေးမြန်းကြအယ်။ 
သူဟ ဝန်ခံပင်း မငြင်းဘဲ “ငါဟ ခရစ်တော် မဟုတ်” လို့ ဝန်ခံခဲ့အယ်။ 
သူလို့ဟ “အဲကျောန့် နင်ဟ စသူတုန်း၊ ဧလိယ ဖြစ်သလော” လို့ မေးကြအယ်။ ယောဟန်ဟ “ငါဟ ဧလိယ မဟုတ်” ဟု ဆိုအယ်။ သူလို့ဟလည်း “နင်ဟ ပရောဖက်လော” လို့ မေးကြအယ်။ သူဟ “မဟုတ်ဝူး” ဟု ပြန်ပြောအယ်။ 
သူလို့ဟလည်း “နင်ဟ စသူဖြစ်တုန်း၊ ငါလို့ဟို စေလွှတ်လိုက်သူလို့အား ပြန်ပင်း ဖြေနိန်ရန် နင်အကျောန်းဟို နင် စလိုပြောမှာတုန်း” ဟု ပြောကြအယ်။ 
ယောဟန်ဟ ပရောဖက် ဟေရှာယ ဖော်ပြခဲ့လဲ့အတိုင်း၊ “ငါဟ ‘ထာဝရဘုရားရဲ့ လမ်းခရီးအတွက် ဖြောင့်တန်းအောန် ပြုကြလော့ တောကန္တာရနှိုက် ဟစ်ကြော်နေသောသူရဲ့ အသံ ဖြစ်အယ်’” လို့ ဖြေအယ်။ 
ဖာရိရှဲလို့ထဲမှ စေလွှတ်ခြင်းခံရသော သတင်းသယ်ဆောင်သူများဟ၊ 
“နင်ဟ မေဆှိယ မဟုတ်၊ ဧလိယလည်း မဟုတ်၊ ပရောဖက်လည်း မဟုတ် ပစာကျောန့် နှစ်ခြင်းမင်္ဂလာဟို ပေးတာတုန်း” လို့ သူ့ဟို မေးကြအယ်။ 
ယောဟန်ဟလည်း “ငါဟ ယေနဲ့ နှစ်ခြင်းမင်္ဂလာဟို ပေးအယ်၊ အဲလိုလဲ နင်လို့အလယ်မှာ နင်လို့မသိလဲ့ သူတယောက် ရပ်လျက် ဆိနေအယ်။ 
အဲသူဟ ငါ့နောက်တွင် ကြွလာသောသူ ဖြစ်အယ်၊ အဲလိုလဲ ငါဟ သူ့ဖိနပ်ကြိုးတောင် မဖြည်ထိုက်” လို့ ဖြေအယ်။ 
ယောဟန် နှစ်ခြင်းမင်္ဂလာပေးရာ ယော်ဒန်မြစ် အဆေ့ဖက်ကမ်းဆိ ဗေသနိရွာမှာ အေးအမှုအရာ ဖြစ်ပျက်ခဲ့အယ်။ 
နောက်နေ့နှိုက် သူ့ဆေဟို ယေရှု ကြွလာတာဟို မျော်ရင် ယောဟန်ဟ “လောကသားလို့ရဲ့ အပစ်ဟို ယူဆောင်သွားသော ဘုရားသခင်ရဲ့ သိုးသငယ်ဟို ကျေ့ကြလော့။ 
‘ငါ့နောက်ကြွလာသူပေမဲ့လည်း ငါ့ထက် ကြီးမြတ်အယ်၊ ပစာကို့ ကိုယ်တော်ဟ ငါမမွေးခင်ရင်း ဆိနေတာ ဖြစ်အယ်’ ဟု ငါပြောခဲ့သူဟ အေးသူပင် ဖြစ်အယ်။ 
ကိုယ်တော်ဟ စသူဖြစ်တာဟို မခင်ဟ ငါမသိ၊ အဲလိုလဲ ဣသရေလအမျိုးသားလို့ သူ့ဟို သိဆိနိန်ကြစေရန် ငါဟ ယေနဲ့ နှစ်ခြင်းမင်္ဂလာဟို ပေးခြင်း ဖြစ်အယ်” လို့ ဆိုအယ်။ 
အဲပင်းရင် ယောဟန် သက်သေခံတာဟ “ဝိညာဉ်တော်သည် ချိုးတူးမလိုမျိုးနဲ့ ခေါန်းခင်မှ ဆင်းလာပင်း ကိုယ်တော်အပေါ်မှာ နားတာဟို ငါမျော်ရပီ။ 
ကိုယ်တော်ဟ စသူဖြစ်တာဟို အခုထိ ငါမသိ၊ အဲလိုလဲ ယေဖြင့် နှစ်ခြင်းပေးရန် ငါ့ဟို စေလွှတ်သော ဘုရားသခင်ဟ ‘ဝိညာဉ်တော်သည် ဆင်းသက်ယွေ့ သူ့အပေါ်မှာ နားတာဟို နင်မျော်ရလိမ့်မယ်၊ အဲသူဟ သန့်ဆှင်းသော ဝိညာဉ်တော်နှိုက် နှစ်ခြင်းပေးသောသူ ဖြစ်အယ်’ လို့ ငါ့အား မိန့်အယ်။ 
ငါမျော်ရပီဖြစ်ယွေ့ ဟေသူဟ ဘုရားသခင်ရဲ့ သားတော်ဖြစ်ကျောန်းဟို ငါသက်သေခံအယ်” ဟု ဆိုအယ်။ 
နောက်တနေ့နှိုက် အဲနေရာမှာ ယောဟန်ဟ မိမိရဲ့ တဘဲ့နေယောက်နဲ့အတူ ရပ်နေစဉ်၊ 
ယေရှုကြွလာတာဟို မျော်သောအခါ သူဟ “ဘုရားသခင်ရဲ့ သိုးသငယ်ဟို ကျေ့လော့” ဟု ဆိုအယ်။ 
အဲလို သူပြောတာဟို တဘဲ့နေယောက်လို့ဟ ကြားသောအခါ ယေရှုရဲ့ နောက်ဟို လိုက်ကြအယ်။ 
ယေရှုဟ နောက်သို့လှည့်ယွေ့ ကျေ့ရာ အေးသူလို့ လိုက်လာတာဟို မျော်ရင် “နင်လို့ ပစာဟို အလိုဆိကြတုန်း” လို့ မေးအယ်။ အေးသူလို့ဟ “ရဗ္ဗိ၊ ကိုယ်တော်ဟ ပစာနားမှာ နေလုန်း” ဟု ပြောအယ်၊ (ရဗ္ဗိအနက်မှာ “ဆရာ” ဟု ဆိုလိုအယ်။) 
ကိုယ်တော်ဟ “လာယွေ့ ကျေ့ကြလော့” လို့ ဖြေအယ်။ အေးအချိန်ဟ ညခင်းလေးနာရီခန့်လောက် ဖြစ်အယ်။ အဲလိုမို့ သူလို့ဟ လိုက်ယွေ့ ကိုယ်တော်နေရာအရပ်ဟို မျော်ပင်း ကိုယ်တော်နဲ့အတူ အဲနေ့နှိုက် အတူနေကြအယ်။ 
ယောဟန် စကားဟို ကြားယွေ့ ကိုယ်တော်ရဲ့ နောက်ဟို လိုက်သွားသောသူ နေယောက်ထဲမှ တယောက်မှာ ရှိမုန် ပေတရုရဲ့ ညီအန္ဒြေ ဖြစ်အယ်။ 
သူဟ အကိုဖြစ်သူ ရှိမုန်ဟို ဦးရင် ဆှာယွေ့ “မေဆှိယဟို ငါတွေ့ပီ” ဟု ပြောအယ်၊ မေဆှိယအနက်မှာ “ခရစ်တော်” ဖြစ်အယ်။ 
အဲပင်းရင် သူဟ ရှိမုန်အား ယေရှုဆေဟို ခေါ်သွားအယ်။ ယေရှုဟ ရှိမုန်ဟို ကျေ့ယွေ့ “နင်နာမယ်ဟ ယောဟန်သား ရှိမုန် ဖြစ်အယ်၊ အဲလိုလဲ နင့်ဟို ကေဖဟု ခေါ်ရလိမ့်မယ်” ဟု ပြောအယ်။ ကေဖဟ ပေတရုဟု နာမယ်နဲ့တူတူ ဖြစ်ယွေ့ “ကျောက်” ဟု အနက်ဆိအယ်။ 
နောက်တနေ့နှိုက် ယေရှုဟ ဂါလိလဲပြေသို့ ထွက်ခွာရန် ဆုံးဖြတ်ခဲ့အယ်။ ဖိလိပ္ပုဟို တွေ့ရင် ကိုယ်တော်ဟ “ငါ့နောက်ဟို လိုက်လော့” မိန့်အယ်။ 
ဖိလိပ္ပုဟ ဗက်ဇဲဒမြို့မှ ဖြစ်အယ်၊ ဗက်ဇဲဒမြို့ဟ အန္ဒြေနဲ့ ပေတရုလို့ နေထိန်သောမြို့ ဖြစ်အယ်။ 
ဖိလိပ္ပုဟ နာသနေလဟို တွေ့သဖြင့် “မောရှေရဲ့ ပညတ်ကျမ်းနဲ့ ပရောဖက်ကျမ်းများတွင်လည်း ရေးသားဖော်ပြထားသူဟို ငါလို့ တွေ့ပီ။ အေးသူဟ ယောသပ်ရဲ့ သား၊ နာဇရက်မြို့မှ ယေရှု ဖြစ်အယ်” ဟု ဆိုအယ်။ 
နာသနေလဟ “နာဇရက်မြို့မှ ကောင်းလဲ့အရာ တစုံတခု ထွက်ပေါ်နိန်ပါသလော” လို့ မေးအယ်။ ဖိလိပ္ပုဟ “လာယွေ့ ကျေ့မန့်” လို့ ပြန်ဖြေအယ်။ 
ယေရှုဟ သူ့ဆေဟို နာသနေလ လာနေတာ မျော်သောအခါ သူဟ “ဟေမှာ ဣသရေလအမျိုးသားစစ် ဖြစ်အယ်၊ သူ့တွင် ပစာအမားမျှ မဆိမန့်” လို့ ကိုယ်တော်အကျောန်းဟို ပြောအယ်။ 
နာသနေလဟ “ကိုယ်တော် စလို ငါ့ဟို သိတုန်း” လို့ ကိုယ်တော်အား မေးအယ်။ ယေရှုဟ “နင့်အား ဖိလိပ္ပု မခေါ်ခင် သင်္ဘောသဖန်းပင်အောက်မှာ ဆိနေခါ နင့်ဟို ငါမျော်အယ်” လို့ ပြန်ဖြေအယ်။ 
နာသနေလဟ “ဆရာ၊ နင်ဟ ဘုရားသခင်ရဲ့ သားတော် ဖြစ်အယ်၊ ဣသရေလအမျိုးသားလို့ရဲ့ ဘုရင် ဖြစ်အယ်” လို့ ပြန်ဖြေအယ်။ 
ယေရှုဟ “သင်္ဘောသဖန်းပင်အောက်တွင် နင့်ဟို ငါမျော်အယ်ဟု ဆိုသောကျောန့် နင် ယုံကြည်သလော။ အေးထက်ပိုယွေ့ ကြီးမြတ်သောအရာလို့ဟို နင် မျော်ရလိမ့်မယ်။ 
နင်လို့အား ငါ အမန်ပြောတာဟ ခေါန်းခင်ပွင့်လျက် လူသားအပေါ်တွင် ဘုရားသခင်ရဲ့ ခေါန်းခင်တမန်များ ဆင်းလျက် တက်လျက်နေကြတာဟို နင်လို့ မျော်ရကြလိမ့်မယ်” ဟု မိန့်အယ်။ 
