﻿မဿဲ.
26.
ယေရှုဟ ဟေသို့ ဟောပြောသွန်သင်ပင်းသောအခါ ကိုယ်တော်ဟ တဘဲ့တော်လို့အား 
“နောက် နေရက်ကြာရင် ပသခါပွဲကျရောက်မယ်ဟို နင်လို့ သိကြအယ်။ အေးအခါ လူသားဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်စေရန် ရန်သူ့လက်ဟို အပ်ကြလိမ့်မယ်” ဟု မိန့်အယ်။ 
အေးအချိန်နှိုက်ပင် ယဇ်ပုရောဟိတ်ကြီးများနဲ့ အသက်ကြီးသူလို့ဟ ကယာဖ နာမယ်ဆိသော ယဇ်ပုရောဟိတ်မင်းရဲ့ အိုင်ဝင်းအထဲမှာ စုရုံးလျက် နေကြပင်း၊ 
သူလို့ဟ ယေရှုဟို တိတ်တိတ်လေး ဖမ်းဆီးယွေ့ သတ်ရန် ဆွေးနွေး တိုင်ပင်ကြအယ်။ 
အဲလိုလဲ သူလို့ဟ “လူလို့ ရုန်းရင်းဆန်ခတ်ဖြစ်မယ်ဟို စိုးရိမ်စရာဆိသဖြင့် ပွဲတော်ရက်အတွင်းနှိုက် မဖမ်းဆီးကြနဲ့” ဟု ဆိုကြအယ်။ 
ယေရှုဟ ဗေသနိရွာတွင် အရေပြားရောဂါ စွဲကပ်ခဲ့ဖူးသူ ရှိမုန်ရဲ့ နေအိုင်နှိုက် ဆိနေစဉ်၊ 
ယေရှုဟ အစားအစာသုံးဆောင်လျက် နေသောအခါ အမျိုးသမီးတယောက်ဟ ရမ်းဆာ့အဖိုးကြီးသော ဆီမွှေးကျောက်ဖြူဖူးဟို ယူဆောင်ယွေ့ အထံတော်ဟို လာပင်းရင် အေးဆီမွှေးဟို ကိုယ်တော်ရဲ့ ခေါင်းပေါ် သွင်းချလေအယ်။ 
အေးအရာဟို တဘဲ့တော်လို့မျော်ရင် အူထော့ယွေ့ “ပစာကျောန့် ဟေသို့ ဖြုန်းတီးလုန်း။ 
ဟေဆီမွှေးဟို ပိတ်ဆန်အများနဲ့ ရောင်းပင်း ဆင်းရဲသူများဟို ပေးကမ်းသင့်အယ်” ဟု ဆိုကြအယ်။ 
ယေရှုဟ သူလို့ ပစာပြောနေတာဟို သိပင်း “ပစာကျောန့် ဟေအမျိုးသမီးဟို နင်လို့ နှောင့်ယှက်ကြလုန်း။ သူပြုသောအမှုဟ ရမ်းဆာ့ ဆှောက်ပတ်ပေအယ်။ 
ဆင်းရဲသူများဟ နင်လို့နဲ့အမြဲ ဆိနေကြပေမဲ့ ငါဟတော့ နင်လို့နဲ့ အမြဲဆိနေမယ် မဟုတ်။ 
ဟေအမျိုးသမီးဟ ငါ့အပေါ်ဟို ဆီမွှေးလောင်းတာဟ ငါရဲ့ရုပ်အလောင်းဟို သင်္ဂြိုဟ်ရန် ပြင်ဆင်ခြင်းပင် ဖြစ်အယ်။ 
နင်လို့အား ငါ အမန်အကန် ပြောတာဟ သတင်းကောင်းဟို ကမ္ဘာအရပ်ရပ်တွင် ကြေညာသောအခါ ဟေအမျိုးသမီးဟို အောက်မေ့သတိရကြစေရန် သူပြုခဲ့သော ကောင်းမှုဟို ဟောကြားကြလိမ့်မယ်” ဟု မိန့်အယ်။ 
အေးနောက် တဆယ့်နေပါးထဲမှ တပါးဖြစ်သော ယုဒရှကာရုတ်ဟ ယဇ်ပုရောဟိတ်ကြီးများ ဆေဟို သွားပင်း 
“ယေရှုဟို နင်လို့လက်ဟို ငါအပ်ရင် နင်လို့ဟ ငါ့အား ပစာပေးမလုန်း” ဟု မေးအယ်။ အေးသူလို့ဟလည်း သူ့အား ငွေဒင်္ဂါးသုံးဆယ် ပေးကြအယ်။ 
အေးအချိန်မှစယွေ့ ယုဒဟ ယေရှုအား ရန်သူ့လက်ဟို အပ်ရန် အခွင့်ကောင်း ဆာလျက်နေအယ်။ 
တဆေးမဲ့မုန့်ပွဲတော် ပထမနေ့နှိုက် တဘဲ့တော်လို့ဟ ယေရှုဆေဟို လာယွေ့ “ကိုယ်တော်အတွက် ပသခါပွဲညစာဟို ငါလို့ ပစာအရပ်တွင် ပြင်ဆင်စေလိုလုန်း” ဟု မေးဆှောက်ကြအယ်။ 
ကိုယ်တော်ဟ “မြို့ထဲဟို ဝင်ယွေ့ အေးသူဆေဟို သွားယွေ့ ဆရာဟ ‘ငါ့ရဲ့အချိန် နီးပီ၊ ငါ့တဘဲ့များနဲ့အတူ နင့်ရဲ့အိုင်တွင် ပသခါပွဲဟို ကျင်းပလိုအယ်’ ဟု မှာကြားလိုက်ကျောန်း ပြောကြလော့” ဟု မိန့်အယ်။ 
တဘဲ့တော်လို့ဟလည်း ယေရှုမိန့်လဲ့အတိုင်း လိုက်နာဆောင်ရွက်ယွေ့ ပသခါပွဲဟို အသင့်ပြင်ကြအယ်။ 
ညနေခင်းချိန်ရောက်သောအခါ ကိုယ်တော်ဟ တဆယ့်နေပါးလို့နဲ့အတူ စားပွဲတွင် ညစာစားဖို့ အတူထိန်ကြအယ်။ 
သူလို့ဟ စားလျက်နေစဉ် ကိုယ်တော်ဟ “နင်လို့အား ငါ အမန်အကန် ပြောတာဟ နင်လို့ထဲမှတယောက်သည် ငါ့ဟို သစ္စာဖောက်လိမ့်မယ်” ဟု မိန့်အယ်။ 
တဘဲ့တော်လို့ဟ ရမ်းဆာ့ စိတ်မချမ်းမသာဖြစ်ကြလျက် စတင်ပင်း “သခင် ငါလော” ဟု တဦးပင်း တဦး မေးဆှောက်ကြအယ်။ 
ကိုယ်တော်ဟ “ငါနဲ့အတူ ပကန်တွင် နှိုက်ယွေ့ စားသောသူဟ ငါ့ဟို သစ္စာဖောက်လိမ့်မယ်။ 
ကျမ်းစာလာလဲ့အတိုင်း လူသားဟ အသေခံရန် သွားရပေမဲ့ လူသားဟို ရန်သူလက်သို့ အပ်သောသူဟ အမင်္ဂလာဆိအယ်။ မွေးဖွားခြင်းဟို မခံရရင် သူအဖို့ ကောင်းသေးအယ်” ဟု မိန့်အယ်။ 
အဲပင်းရင် ကိုယ်တော်ဟို ရန်သူလက်သို့ အပ်မယ့်သူ ယုဒဟ “ဆရာ၊ ငါလော” ဟု မေးဆှောက်ရင် ကိုယ်တော်ဟ “နင်ပြောလဲ့အတိုင်းပင် မန်အယ်” ဟု မိန့်အယ်။ 
ယေရှုဟ သူလို့ စားလျက်နေစဉ် မုန့်ဟို ယူယွေ့ ကျေးဇူးတော်ဟို ချီးမွန်းပင်း မုန့်ဟိုဖဲ့ယွေ့ “ဟေမုန့်ဟ ငါရဲ့ ခန္ဓာကိုယ် ဖြစ်အယ်၊ ယူယွေ့ စားကြလော့” ဟု မိန့်ပင်းရင် တဘဲ့တော်လို့အား ပေးအယ်။ 
အဲပင်းရင် မုတ်ဟို ယူယွေ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းပင်းနောက် တဘဲ့တော်လို့အား ပေးအယ်။ ကိုယ်တော်ဟ “နင်လို့အားလုံး ဟေမုတ်ဟို သောက်ကြလော့။ 
ဟေစာဟ ဘုရားသခင်ရဲ့ ပဋိညာဉ်တော်ဟို တံဆိပ်ခတ်သော လူတို့အပစ် ဖြေလွှတ်ရန်အတွက် သွန်းသော ငါရဲ့ အသွေးဖြစ်အယ်။ 
နင်လို့အား ငါပြောတာဟ အခုအချိန်မှစယွေ့ ငါ့ခမည်းတော်ရဲ့ နိုင်ငံတော်တွင် နင်လို့နဲ့အတူ စပျစ်ယေသစ်ဟို သောက်ရလဲ့နေ့ မတိုင်မီ ငါဟ ဟေစပျစ်ယေဟို နောက်တဖန် မသောက်တော့ပီ” ဟု မိန့်အယ်။ 
အေးနောက် သူလို့ဟ ချီးမွန်း သီချင်းဆိုပင်းနောက် သံလွင်တောင်ဟို ထွက်သွားကြအယ်။ 
အေးနောက် ယေရှုဟ သူလို့အား “ကျမ်းစာထဲတွင် ‘ဘုရားသခင်ဟ သိုးထိန်းဟို သတ်သဖြင့် သိုးလို့ဟ ဖရိုဖရဲ ဖြစ်ကြလိမ့်မယ်’ ဟု ပြောထားသည်နဲ့အညီ ခုညနှိုက်ပင် နင်လို့ဟ ငါ့ဟို စွန့်ပစ်ယွေ့ ပြေးကြလိမ့်မယ်။ 
အဲလိုလဲ ငါဟ သေခြင်းမှ ထမြောက်ပင်းနောက် နင်လို့ထက် ဦးရင် ဂါလိလဲပြေဟို သွားနှင့်မယ်” ဟု မိန့်အယ်။ 
ပေတရုဟ ယေရှုအား “အခြားသူအပေါင်းလို့ဟ ကိုယ်တော်ဟို စွန့်ပစ်ကြသော်လည်း ငါဟ ပစာအခါမျှ စွန့်ပစ်မယ် မဟုတ်ပါ” ဟု ဆှောက်ထားအယ်။ 
ယေရှုဟ “နင်အား ငါ အမန်အကန် ပြောတာဟ အခုညနှိုက်ပင် ကြက်မတွန်ခင် နင်ဟ ငါ့ဟို မသိ ဟု သုံးကြိမ်တိုင်တိုင် ငြင်းဆိုလိမ့်မယ်” ဟု ပေတရုအား မိန့်အယ်။ 
ပေတရုဟ “ငါသည် ကိုယ်တော်နဲ့အတူပင် သေရရင် ကိုယ်တော်ဟို မငြင်းပါ” ဟု ဆှောက်ထားအယ်။ အခြားတဘဲ့တော်လို့ဟလည်း ဟေအတိုင်း ဆှောက်ထားကြအယ်။ 
အေးနောက် ယေရှုဟ တဘဲ့တော်လို့နဲ့အတူ ဂေသရှေမန် ဟုခေါ်သော အရပ်ဟို ရောက်ဆိအယ်။ ကိုယ်တော်ဟ “ငါဟ အေးနေရာဟို သွားယွေ့ ဆုတောင်းနေစဉ် နင်လို့ ဟေနေရာတွင် ထိန်နေကြလော” ဟု တဘဲ့တော်လို့အား မိန့်ပင်းရင် 
ပေတရုနဲ့ ဇေဗေဒဲရဲ့သားနေယောက်လို့ဟို ကိုယ်တော်နဲ့အတူ ခေါ်သွားအယ်။ ကိုယ်တော်ဟ စိတ်မချမ်းမသာဖြစ်လျက် ရမ်းဆာ့သောက ရောက်သဖြင့် 
“ငါဟ သေလုအောန် စိတ်နေလုံး ရမ်းဆာ့ညှိုးငယ်လှအယ်။ နင်လို့ဟ ဟေနေရာတွင် ငါနဲ့အတူ စောင့်နေကြလော့” ဟု သူလို့အား မိန့်အယ်။ 
အေးနောက် ဆေ့ဟို ကတစ်လေးကြွယွေ့ မြေပေါ်တွင် ပျပ်ဝပ်ပင်းရင် “အို ငါ့ရဲ့အဖ၊ ဖြစ်နိန်ပါဟ ဟေဝေဒနာမုတ်ဟို ငါ့ဆေမှ လွဲဖယ်ပေးပါ။ အဲလိုလဲ ငါရဲ့ အလိုအတိုင်း မဟုတ်ပါ၊ ကိုယ်တော်ရဲ့ အလိုတော်အတိုင်းသာ ဖြစ်စေပါ” ဟု ဆုတောင်းအယ်။ 
အေးနောက် ကိုယ်တော်ဟ တဘဲ့တော်လို့ဆေ ပြန်လာရာ အိပ်မွေ့လျက်နေကြတာဟို မျော်သဖြင့် “နင်လို့ဟ တနာရီမျှပင် ငါနဲ့အတူ စောင့်ယွေ့ မနေနိန်ကြသလော။ 
စုံစမ်းသွေးဆောင်ခြင်းဟို မကျရောက်စေရန် ဆုတောင်းယွေ့ စောင့်နေကြလော့၊ စိတ်ဝိညာဉ်ဟ ဆန္ဒဆိသော်လည်း ခန္ဓာကိုယ်ဟ အားနည်းအယ်” ဟု ပေတရုအား မိန့်အယ်။ 
အေးနောက် ကိုယ်တော်ဟ ဒုတိယအကြိမ် ကြွသွားပြန်ယွေ့ “ငါရဲ့အဖ၊ ဟေဝေဒနာမုတ်ဟို ငါမသောက်ဘဲ လွဲသွားရန် မဖြစ်ပါဟ ကိုယ်တော်ရဲ့ အလိုတော်အတိုင်း ဖြစ်စေပါ” ဟု ဆုတောင်းအယ်။ 
ကိုယ်တော် နောက်တကြိမ် ပြန်လာသောအခါ တဘဲ့တော်လို့ဟ မျက်စေ့လေးလံသဖြင့် အိပ်မွေ့လျက်နေကြတာဟို မျော်အယ်။ 
ယေရှုဟ သူလို့ဆေမှ တဖန်ကြွသွားပင်းလျှင် မခင်ဟ မြွတ်ဆိုလဲ့အတိုင်း တတိယအကြိမ် ဆုတောင်းအယ်။ 
အေးနောက် တဘဲ့တော်လို့ဆေဟို ပြန်လာယွေ့ “နင်လို့ဟ အိပ်မွေပင်း အနားယူနေကြသလော။ ကျေ့လော့၊ လူသားဟို အပစ်သား လက်သို့ အပ်နှံလဲ့အချိန် ရောက်လာပီ။ 
ထကြ၊ ငါလို့သွားကြကုန်အံ့၊ ကျေ့လော့၊ ငါ့ဟို ရန်သူလက်ဟို အပ်မယ့်သူ ရောက်လာပီ” ဟု မိန့်အယ်။ 
ကိုယ်တော် မိန့်စဉ်နှိုက်ပင်လျှင် တဆယ့်နေပါးအဝင်ဖြစ်သူ ယုဒရှကာရုတ်ဟ ရောက်လာအယ်။ ယဇ်ပုရောဟိတ်ကြီးများနဲ့ အသက်ကြီးသူများဟ စေလွှတ်လိုက်သော ရမ်းဆာ့သော လူအစုအဝေးလို့ဟလည်း တုတ်၊ ထားကိုင်ဆောင်လျက် သူနဲ့အတူပါလာကြအယ်။ 
ကိုယ်တော်ဟို ရန်သူလက်ဟို သစ္စာဖောက်သူဟ “ငါနမ်းသောသူသည် အေးသူပင် ဖြစ်အယ်။ သူ့ဟို ဖမ်းဆီးကြလော့” ဟု အမှတ်ပေးထားအယ်။ 
ယုဒဟ ခုတင်ချင်း ယေရှုဆေဟို ချဉ်းကပ်ကာ “ဆရာ၊ မင်္ဂလာဆိပါစေသော” ဟု ဆိုယွေ့ ကိုယ်တော်ဟို နမ်းလေအယ်။ 
ယေရှုဟ “မိတ်ဆွေ၊ နင်လာလဲ့ အကျောန်းကိစ္စဟို ဆောင်ရွက်လော့” ဟု မိန့်အယ်။ လူလို့ဟ လာယွေ့ ယေရှုဟို ဖမ်းဆီး ချုပ်ကိုင်ထားကြအယ်။ 
ယေရှုနဲ့ လိုက်ပါလာသော လူတယောက်ဟ ထားဟို ဆွဲထုတ်ပင်းရင် ယဇ်ပုရောဟိတ်မင်းရဲ့ ကျွန်တယောက်ဟို ခုတ်လိုက်ရာ အေးသူ နားရွက်ပြုတ်လေအယ်။ 
ယေရှုဟ အေးသူအား “နင့်ရဲ့ ထားဟို ထားအိုင်ထဲဟို ပြန်ထည့်လော့ အကျောန်းမှာ ထားဟို ကိုင်သူဟ ထားဖြင့် သေကြေပျက်စီးရလိမ့်မယ်။ 
ငါဟ ငါ့ခမည်းတော်ဆေမှ အကူအညီတောင်းခံရင် တဆယ်နေတပ်ထက် ရမ်းဆာ့သော ခေါန်းခင်တမန်လို့ဟို ခုတင်ချင်း ငါ့ဆေ စေလွှတ်မယ်ဟို နင်လို့ မသိကြသလော။ 
အဲလိုလဲ ဟေသို့ပြုပါမူ ကျမ်းစာလာလဲ့အတိုင်း ပစာသို့လျှင် ပြေ့စုံခြင်းဟို ရောက်နိန်လုန်း” ဟု မိန့်အယ်။ 
အေးနောက် ယေရှုဟ လူအမြောက်အမြားလို့အား “နင်လို့ဟ ထားမြဟို ဖမ်းသလိုမျိုး ငါ့ဟိုဖမ်းရန် တုတ်များ ထားများနဲ့ လာကြသလော၊ ငါဟ နေ့စဉ်နေ့တိုင်း ဗိမာန်တော်တွင် ထိန်ယွေ့ ဟောပြောသွန်သင်နေစဉ်အခါ နင်လို့ဟ ငါ့ဟို မဖမ်းမဆီးခဲ့ကြ။ 
အဲလိုလဲ ဟေအမှုအရာအားလုံး ဖြစ်ပျက်ရခြင်းမှာ ကျမ်းစာတော်တွင် ပရောဖက်များ ဟောကြားခဲ့သမျှအတိုင်း အမန်ဖြစ်လာစေရန် ဖြစ်သတည်း” ဟု မိန့်အယ်။ အေးအခါ တဘဲ့တော်အပေါင်းလို့ဟ ကိုယ်တော်ဟို စွန့်ပစ်ယွေ့ ပြေးကြအယ်။ 
ယေရှုဟို ဖမ်းဆီးကြသော သူလို့ဟ ယဇ်ပုရောဟိတ်မင်း ကယာဖရဲ့ အိုင်ဟို ခေါ်ဆောင်သွားကြအယ်။ ကျမ်းတတ်ဆရာများနဲ့ အသက်ကြီးသူများဟ အေးအရပ်တွင် စုရုံးလျက်နေကြအယ်။ 
ပေတရုဟ ခပ်ခွာခွာဟ နေယွေ့ ယဇ်ပုရောဟိတ်မင်းရဲ့ အိုင်ဝင်းတိုင်အောန် ကိုယ်တော်ရဲ့ နောက်ကလိုက်လာခဲ့ကြအယ်။ ဝင်းထဲဟိုဝင်ယွေ့ ပစာသို့ဖြစ်မယ်ဟို သိဆိနိန်ရန် ယဇ်ပုရောဟိတ်ရဲ့ ကိုယ်ရံတော်တပ်သားများ နဲ့အတူ ထိန်လျက်နေအယ်။ 
ယဇ်ပုရောဟိတ်ကြီးများနဲ့ တကွ တရားလွှတ်တော် အဖွဲ့ဝင်အပေါင်းလို့ဟ ယေရှုအား သေဒဏ်ပေးနိန်ရန် ကစတ်ကလတ်သော သက်သေဟို ဆာကြအယ်။ 
မမန်သောသက်သေခံသူများစွာ လာကြပေမဲ့ သူလို့ဟ စလို သက်သေဟိုမှ မတွေ့ကြ။ နောက်ဆုံးနှိုက် လူနေယောက်ဟ ဆေ့ဟို ထွက်လာပင်းရင်၊ 
“ဟေသူဟ ‘ငါသည် ဘုရားသခင်ရဲ့ဗိမာန်တော်ဟို ဖြိုဖျက်ယွေ့ သုံးရက်အတွင်း ပြန်လည်ဆောက်နိန်အယ်’ ဟု ဟောအယ်” ဟူယွေ့ သက်သေခံကြအယ်။ 
ယဇ်ပုရောဟိတ်မင်းဟ နေရာမှထယွေ့ “နင့်အား အေးသူလို့ စလိုစွပ်စွဲ ထွက်ဆိုကြလုန်း နင့်မှာ စလိုမျှ ဖြေစရာမဆိပါသလော” ဟု ယေရှုအား မေးအယ်။ 
အဲလိုလဲ ယေရှုဟ ဆိတ်ဆိတ်နေအယ်။ ယဇ်ပုရောဟိတ်မင်းဟ “နင်သည် ဘုရားသခင်ရဲ့သားတော် မေဆှိယလော၊ ငါ့အား ဖြေကြားလော၊ အသက်ဆှင်သော ဘုရားသခင်ရဲ့နာမဟို တိုင်တည်ယွေ့ နင့်အား ငါမေးအယ်” ဟု ဆိုအယ်။ 
ယေရှုဟ “နင်ဟောသည် အတိုင်းမန်ပေမဲ့ နင်လို့အား ငါပြောတာဟ နောင်အခါတွင် လူသားဟ အနတ္တတန်ခိုးဆှင်ရဲ့ လက်ယာဘက်တွင် ထိန်လျက်နေတာဟိုလည်းကောင်း၊ ခေါန်းခင် မိုးချေးသားဟို စီးယွေ့ ကြွလာတာဟို လည်းကောင်း နင်လို့ မျော်ရကြမယ်” ဟု မိန့်အယ်။ 
အေးအခါ ယဇ်ပုရောဟိတ်မင်းဟ မိမိရဲ့အဝတ်ဟို ဆွဲဖြဲပင်းရင် “အေးသူဟ ဘုရားသခင်ဟို ပစ်မား ပြောဆိုချေပီ၊ ငါလို့ သက်သေများ ထပ်ယွေ့ မလိုတော့ပီ၊ ဘုရားသခင်အား ပစ်မားပြောဆိုတာဟို နင်လို့ အခု ကြားရပီ။ 
နင်လို့ စလိုထင်လုန်း။” အေးသူလို့ဟ “သူ့ဟို သေဒဏ်ပေးရမယ်” ဟု ဆိုကြအယ်။ 
အေးနောက် သူလို့ဟ ကိုယ်တော်ရဲ့ မျက်နှာတော်ဟို ဆံထွေးနဲ့ ထွေးပင်း ရိုက်ကြအယ်။ တချို့သော သူလို့ဟ ကိုယ်တော် ပါးဟို ရိုက်ပင်းရင်၊ 
“မေရှိယ၊ နင့်ဟို စသူ ရိုက်တာဟို ဟောကျေ့မန့်” ဟု ဆိုကြအယ်။ 
ပေတရုဟ အပြင်ဖက် အိုင်ဝင်းအတွင်းနှိုက် ထိန်လျက်နေစဉ် အစေခံမိန်းမ တယောက်ဟ ရောက်လာယွေ့ “နင်ဟလည်း ဂါလိလဲပြေသား ယေရှုနဲ့ ပေါင်းဖော်သူဖြစ်အယ်” ဟု ဆိုအယ်။ 
အဲလိုလဲ ပေတရုဟ “နင်ဟောလဲ့အရာဟို ငါမသိ” ဟု လူအပေါင်းလို့ အဆေ့တွင် ငြင်းဆိုပင်းရင် 
အိုင်ဝင်း ဝင်ပေါက်ဟို ထသွားလေအယ်။ တခြား အစေခံမိန်းမ တယောက်ဟ သူ့ဟိုမျော်ရင် အေးနေရာတွင် ဆိသော သူလို့အား “ဟေသူဟ နာဇရက်မြို့သား ယေရှုနဲ့ ပေါင်းဖော်သူ ဖြစ်အယ်” ဟု ဆိုအယ်။ 
ပေတရုဟ “အေးသူဟို ငါမသိ” ဟု ကျိန်ဆိုယွေ့ ငြင်းပြန်အယ်။ 
အေးနောက် အချိန်ကတစ်ကြာသောအခါ အနီးတွင် ရပ်နေသောသူများဟ ပေတရုဆေ လာယွေ့ “နင်ဟ အမန်ပင် အေးသူလို့ထဲမှ တယောက် ဖြစ်အယ်၊ အကျောန်းမှာ နင်ပြောပုံဆိုပုံအားဖြင့် သိသာအယ်” ဟု ဆိုကြအယ်။ 
ပေတရုဟ “အေးသူဟို ငါမသိ” ဟု ဘုရားသခင်ဟို တိုင်တည်ယွေ့ ကျိန်ဆိုလေအယ်။ အေးခဏနှိုက် ကြက်တွန်လေအယ်။ 
အေးအခါ “ကြက်မတွန်မီ နင့်ဟ ငါ့အား မသိဟု သုံးကြိမ်မြောက်အောန် ငြင်းဆိုလိမ့်မယ်” ဟု ယေရှု မိန့်ခဲ့လဲ့ စကားဟို ပေတရု ပြန်လည်သတိရသဖြင့် အပြင်ဟို ထွက်ယွေ့ ရမ်းဆာ့ ငိုကလေအယ်။ 
